နယူးယောက်၊ စက်တင်ဘာ ၂၈

ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်လက်ရှိသံအမတ်ကြီးသည် စက်တင်ဘာ ၂၇ ရက် အထွေထွေညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် မိန့်ခွန်းပြောကြားခွင့် မရခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

ယခင်လက ပြုတ်ကျခဲ့သည့် သမ္မတဟောင်းအက်ရှရက်ဖ်ဂါနီအစိုးရကို ကိုယ်စားပြုသူ အာဖဂန်သံအမတ် ဂူလမ်အိုက်ဇက်ဇိုင်းသည် တာလီဘန်တို့နှင့် သဟဇာတမဖြစ်သော်လည်း ၎င်း၏အမည်ကိုလည်း မိန့်ခွန်း ပြောခွင့်ရသူ စာရင်းထဲမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ ယင်းအပေါ်ကိုလည်း ၎င်းအနေဖြင့် သီးခြားသဘောထား မှတ်ချက်ပေးခဲ့ခြင်း မတွေ့ရပေ။

“ဒီကနေ့ ကျင်းပမယ့် အထွေထွေအချေအတင်ပြောဆိုတဲ့အစီအစဉ် (General Debate) မှာ အဖွဲ့ဝင်နိုင်ငံအနေနဲ့ အာဖဂန်က နုတ်ထွက်သွားပြီမို့ မိန့်ခွန်းပြောလို့မရတော့ဘူးလို့ ကျနော်တို့ ကြားပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မိုနီကာဂရေးလေးက အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောသည်။

အယ်လ်ဂျာဇီးယားအနေဖြင့် ဂူလမ်အိုက်ဇက်ဇိုင်း (သို့မဟုတ်) အာဖဂန်နစ္စတန်၏ကုလသမဂ္ဂမစ်ရှင်ထံသို့ ဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ပြီးခဲ့သည့်လက တာလီဘန်များ အာဖဂန်ကို သိမ်းပြီးနောက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင်လည်း အာဖဂန်၏ကုလသမဂ္ဂသံတမန် အပြိုင်အဆိုင်တောင်းဆိုမှုပါ တဆက်တည်း ဖြစ်ပေါ်လာခဲ့သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုတပ်များ ဆုတ်ခွာသွားသည်နှင့် တာလီဘန်များက အာဖဂန်နစ္စတန်တနိုင်ငံလုံးကို သိမ်းပိုက်လိုက်ကာ ယခင်သမ္မတဂါနီသည် ပြည်ပသို့ ထွက်ပြေးသွားခဲ့သည်။

ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များအစည်းအဝေး၌ မိန့်ခွန်းပြောကြားရန်နှင့် ဒိုဟာအခြေစိုက် တာလီဘန် ပြောခွင့်ရသူ ဆူဟေးလ်ရှဟင်းကို အာဖဂန်သံတမန်အနေဖြင့် လက်ခံရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်၌ တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အေမာခမ်းမူတာကီက ကုလသမဂ္ဂသို့ အမည်စာရင်းတင်သွင်းခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အေမာခမ်းမူတာကီလက်မှတ်ရေးထိုးထားသော စာတစ်စောင်ကို လက်ခံခဲ့သည်။ ထိုစာထဲတွင် ယခင်သမ္မတ ဂါနီသည် ဖြုတ်ချခံရပြီးဖြစ်ကြောင်းနှင့် အခြားနိုင်ငံများက ၎င်းကို သမ္မတအဖြစ် ဆက်လက်အသိအမှတ်မပြုတော့ကြောင်း၊ သို့ဖြစ်၍ ဂူလမ်အိုက်ဇက်ဇိုင်းသည် အာဖဂန်နစ္စတန်နိုင်ငံကို ကိုယ်စားမပြုတော့ကြောင်း စသည်ဖြင့် ရေးသားထားသည်။