CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇
တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထိပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (စက်တင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။
တပ်မတော် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်ဟု ဆိုထားသည်။
ထို့နောက် မကြာမီကျရောက်လာမည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့်လည်း ကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံ တော် ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထိပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန် အပ်ပါသည်ဟု ဆိုထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက “ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဤကြေညာချက်အား လက်တွေ့ အကောင်အထည်ဖော် ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့ မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှုပြုလုပ်စဉ်တွင် လည်း ကောင်း၊ EAO အဖွဲ့အချိုကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုက်တွန်းလာခြင်းကိုလည်းကောင်း ကြိုဆိုပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုသည်။
ထို့နောက် EAO များတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည် နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။