CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ထိုင်းရှိ ဘန်ကောက်ဘဏ်တွင် အလည်ဗီဇာ(Tourist visa)ဖြင့် မြန်မာနိုင်ငံသား အများအပြား အကောင့်ဖွင့်လှစ် ခြင်းကြောင့် လက်ရှိတွင် အလည်ဗီဇာဖြင့် ပြည်ပနိုင်ငံသားများ အကောင့်ဖွင့်မှုကို ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရှိ ဘန်ကောက်ဘဏ်သည် မတ်လ ၈ ရက်နေ့မှ စတင်ကာ အလည်ဗီဇာဖြင့်ဝင်ရောက်လာသည့် မြန်မာ အပါအဝင် ပြည်ပနိုင်ငံသားများအနေဖြင့် ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းအား ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် မြန်မာအချို့သည် ဆေးရုံ၊ ဆေးခန်း ထောက်ခံစာအတုများ ပြုလုပ်ပြီး သံရုံး၌ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာနှင့်အတူ ဘန်ကောက်ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်း သည် ယခုနောက်ပိုင်းတွင် များပြားလာကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီး CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီနေရာမှာ တကယ်ပဲ လူနာဖြစ်ပြီးတော့ ဆေးလာကုတဲ့လူတွေလည်း ရှိတယ်။ ပြီးရင် သက်ဆိုင်ရာ သံရုံးက ထုတ်ပေးတဲ့ ထောက်ခံစာရယ်၊ ဆေးသွားကုသမှုခံယူတဲ့ ဆရာဝန်ရဲ့ လက်မှတ်နဲ့ ထောက်ခံစာရယ် နှစ်ခုကို ပေါင်းပြီးတော့ ဘဏ်ထဲကို သွားပြရင် အဲဒီ အလည်ဗီဇာနဲ့ ဘဏ်ကနေပြီး ဘဏ်အကောင့် ဖွင့်ပေးတယ်။ ဆိုတော့ ဒါမျိုးတွေ နောက်ပိုင်းမှာ များလာတယ်။ တချို့မြန်မာနိုင်ငံသားတွေပေါ့ ငွေဖြူ၊ ငွေမည်းကို သူတို့ ကိုယ်တိုင်က သေသေချာချာ မကွဲပြားတော့ဘူး။ ငါတို့ ဘဏ်အကောင့်ရဖို့ အရေးကြီးတယ်ဆိုပြီးတော့ ဆေးရုံ၊ ဆေးခန်း လက်မှတ်တွေကို ပိုက်ဆံပေးပြီးတော့ လုပ်ကြတယ်။ သံရုံးထောက်ခံစာ သွားယူတယ်။ သံရုံးထောက်ခံစာရရင် အလည်ဗီဇာနဲ့ ဘဏ်အကောင့်သွားဖွင့်တယ်။ အခုဒီဟာ သံရုံးကမထုတ်ခင် လေးလလောက်ကတည်းက ထိုင်းအစိုးရက ငွေခဝါချတဲ့ အဖွဲ့အစည်းဌာနကနေ စစ်ဆေးတယ်။ စစ်ဆေးတော့ ဘန်ကောက်ဘဏ်ထဲမှာ မြန်မာနိုင်ငံသားအများစုက အလည်ဗီဇာတွေနဲ့ချည်းပဲ။ ဆိုလိုတာက ဒီဘဏ်အကောင့်ကို ကြည့်လိုက်ရင် ဒီ ဗီဇာသက်တမ်းရှိလား၊ မရှိလားပေါ့။ ဒီစာအုပ်က သက်တမ်းတွေ ရှိသေးလား မရှိသေးလား သက်တမ်းတွေ ပေါ်တယ်လေ။ ပေါ်တဲ့အခါကျတော့ ဒီလူက ထိုင်းကိုအလည်လာပြီးတော့ ဘဏ်အကောင့် ဖွင့်သွားတယ် ငွေအဝင်၊ အထွက် သုံးနေတယ်ဆိုတာ ပေါ်တယ်” ဟု ၎င်းကပြောသည်။

မြန်မာသံရုံး၌ ဘန်ကောက်ဘဏ်မှ ကောင်တာဖွင့်၍ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေစဉ်

အလည်ဗီဇာသမားများအား ဘန်ကောက်ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်း ယာယီရပ်ဆိုင်းထားသော်လည်း ထိုင်းတွင်လုပ်ငန်းဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများ၌ ပညာသင်ကြားနေသူ၊ ဆေးရုံတက်ကုသမှုခံယူနေရသူ၊ ပိုင်ဆိုင်မှုပြသနိုင်သူ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများ၌ လုပ်ကိုင်နေသူ၊ Retirement Visa ရယူ နေထိုင်သူနှင့် သာသနာရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား မြန်မာသံရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် Thailand Elite / Thailand Privilege Card ကိုင်ဆောင်သူ၊ ထိုင်းအိမ်ထောင်စုစာရင်းတွင် ပါရှိသည့် နိုင်ငံခြားသားများ၊ အလုပ်လုပ်ခွင့်ရှိသူ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သံရုံးမှ ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ဘဏ်အကောင့် ဖွင့်လှစ်နိုင်ကြောင်းလည်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ မြန်မာအပါအဝင် အလည်ဗီဇာဖြင့် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား ဘန်ကောက်ဘဏ်၌ ဘဏ်အကောင့်ဖွင့်လှစ်ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းသည် အမှန်တကယ်လိုအပ်နေသည့် မြန်မာများအတွက် စိစစ် ကြန့်ကြာမှုများ ယခင်ထက် ပိုမိုရှိသွားနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ခုနက မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ငွေကြေးတွေ ကိစ္စတို့၊ တရားမဝင် အခွန်ရှောင်တဲ့ ငွေကြေးတွေ ကိစ္စ အဲဒီ ကိစ္စတွေကို လိုက်ပြီးတော့ သူတို့အနေနဲ့ စိစစ်တာပေါ့နော်။ အရင်ထက်ပိုပြီးတော့ စစ်ဆေးလာတာရှိမှာပဲ။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ ၁၀ ချက်လားမသိဘူး ရှိတယ်။ အဲဒီမှာ လုပ်ငန်းဗီဇာနဲ့ နေတဲ့လူတွေ၊ နောက် စီးပွားရေးလုပ်တဲ့လူတွေ သူတို့မှာ အထောက်အထားတွေ အပြည့်အစုံရှိတယ်၊ ကျောင်းတက်တဲ့လူတွေ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီးရှယ်ယာဝင်ပြီး လုပ်နေတဲ့လူတွေ၊ သာသနာရေးတို့ဘာတို့ ဒါမျိုးတွေဆိုရင်တော့ နောက် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားလည်းပါပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေကျတော့ ဒီမှာ တရားဝင်ပေါ့။ မှတ်ပုံ တင်ပြီးတော့ လုပ်ပြီးသွားပြီဆိုရင် ဘဏ်စာရင်းတွေ ဘာတွေ ဖွင့်လို့ရပြီကို။ အဲဒီအုပ်စုတွေဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ လုပ်လို့ရတယ်။ အဲဒီထောက်ခံချက်တွေနဲ့ဆိုရင်လည်း ဘဏ်က လုပ်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ငွေဖြူ၊ ငွေမည်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသဖြင့် တရားမဝင် လုပ်ငန်းများတွင် ဘဏ်အကောင့်ဖွင့်လှစ်ပြီး ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။