CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံ၏ ရှေးဟောင် အမွေအနှစ်ဒေသတစ်ခု ဖြစ်သည့် ပုဂံဒေသရှိ ဘုရားစေတီများတွင် ခေါင်းလောင်းများ၊ စေတီပုထိုးများ၊ နံရံဆေး ပန်းချီများ ခိုးယူခံနေရမှုကို ကာကွယ်ရန်အတွက် လုံခြုံရေးအပိုင်း၌ နယ်မြေအလိုက်၊ အရေးကြီးသည့် အပိုင်းလိုက်ခွဲခြား၍ လုံခြုံရေး ခိုင်ခိုင်မာမာ ဖွဲ့စည်းသင့်ကြောင်း ပုဂံဒေသခံများက ပြောသည်။

လက်ရှိတွင် ပုဂံဒေသ၌ လုံခြုံရေးနှင့် ပတ်သက်ပြီး အင်အားအနည်းငယ်သာ ရှိကြောင်း၊ ဆက်လက်၍ ယခုအတိုင်း သွားမည်ဆိုပါက ပုဂံရှိ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ခိုးယူခံရဦးမည် ဖြစ်ကြောင်း ပုဂံဒေသခံ တစ်ဦးဖြစ်သူ ဦးမျိုးဆက်စံ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်ကလည်း ဘုရားခေါင်း ဖြတ်တာတို့၊ နံရံဆေး ပန်းချီတွေ ခွာယူတာတို့ ရှိခဲ့ကြတာပေါ့နော်၊ ခေတ် အဆက်ဆက်ပေါ့။ အဲတော့ ကျနော်တို့က သာသနိက အဆောက်အအုံ၊ ဘုရားပစ္စည်းတွေ ပြောရရင်တော့ မြန်မာ လူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့ ဘုရားပစ္စည်းတွေ အခိုးခံရတယ်ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ။ ပြောရရင် တော့ လုံခြုံရေးပိုင်းတွေ တင်းကြပ်သင့်တယ်ပေါ့နော်။ ဒီလိုမျိုးတွေက ခဏခဏ ဖြစ်နေတယ်ပေါ့နော် ဒီတစ်ကြိမ် တည်း မဟုတ်ဘူး။ ကျနော်တို့က ဘယ်လိုဖြစ်လဲဆိုတော့ ပျောက်ပြီဆိုမှ အသည်အသန် ဖုတ်ပူမီးတိုက် ရှာကြ တယ်။ ဖွေကြတယ်။ အဲအခါကျတော့ သူခိုးပြေးမှ ထိုးကွင်းချနေတယ်ပေါ့ဗျာ။ ကျနော်တို့က မဖြစ်ခင် ဖြစ်တဲ့ အလေ့အထတွေ ဖြစ်တဲ့အကျင့်တွေ ရှိရဲ့သားနဲ့ ကျနော်တို့က ဒါတွေကို ကင်းပတ်တာမျိုး၊ လုံခြုံရေး တိုးမြှင့်တာ မျိုး၊ အရေးကြီးတဲ့ နေရာတွေကို အပိုင်းလိုက်၊ သူ့နယ်မြေအလိုက် ကျနော်တို့က ဒီမှာ ၃ ထောင်ကျော် ရှိတာကိုး ကျနော်တို့ ဘုရားစေတီတွေက။ စေတီပုထိုးတွေက များတဲ့အခါမှာတော့ အခက်အခဲတွေ ရှိတယ်။ ဒါပေမယ့် အခက်အခဲ ရှိတဲ့သော်ငြားလည်း ကျနော်တို့က အရေးကြီးတဲ့ အပိုင်းတွေမှာ ဖွားစောမှာ တစ်ဖွဲ့၊ အရေးကြီးတဲ့ နေရာတွေမှာ လုံခြုံမှုအပိုင်းတွေမှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းပြီးတော့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သင့်တယ်လို့ ကျနော်မြင်တယ်။ အဲလိုမှ မဟုတ်ဘဲ အခုလို လျော့တိလျော့ရဲနဲ့ ဆက်သွားမယ်ဆိုရင် နောက်အကြိမ်မှာလည်း ဆက်ဖြစ်လာဖို့ အလားအလာတွေ ဖြစ်နိုင်ခြေ များတယ်ပေါ့” ဟု ပြောသည်။

အလိုတော်ပြည့်ဘုရားကိုတွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ပုဂံရှိ ဘုရားအချို့တွင် ယနေ့ခေတ် အလှူရှင်များ လှူဒါန်းထားသည့် ခေါင်းလောင်း များ ခိုးယူခံရကြောင်း သိရသည်။

အဆိုပါ ခိုးယူခံရသည့် ခေါင်းလောင်းများမှာ မင်းအိုချမ်းသာဘုရားက အကြီးဆုံး ခေါင်း လောင်း၊ ရှေးဟောင်း ရှင်ပင့်ပွင့်လင်းဘုရား၊ ရွှေချမ်းသာ(ခေါ်) ဆုတောင်ပြည့်ဘုရားနှင့် သာယာဝတေးဘုရားရှိ ခေါင်းလောင်းများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကလည်း ပုဂံရှိ ဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ မှ ဘုရားဆင်းတုတော်များ အပြင် နံရံဆေးရေး ပန်းချီများ အခိုးခံခဲ့ရပြီး ခိုးယူသူများကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ဘုရားဆင်းတုတော်များ ခိုးယူသူကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံရှိ ရှေးဟောင်း အမွေအနှစ်များ ခိုးယူခံရမှုနှင့် ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ရန်အတွက် ပုဂံတွင် လုံခြုံ ရေးအင်အား အနည်းငယ်သာ ရှိကြောင်း၊ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ လုံခြုံရေး ၃၀ ကျော်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အား ၃၀ ကျော်ခန့်သာ ရှိကြောင်း သိရသည်။

လက်ရှိတွင် ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ ခိုးယူခံရမှုကို ကာကွယ်ရန်အတွက် လုံခြုံရေးအဖွဲ့များနှင့် စီမံချက် များ ဆွဲနေကြောင်း၊ ဒေသခံများ အနေဖြင့်လည်း ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သတင်းပေးရန် လိုအပ်သည်ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုး ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ဆီ လုံခြုံရေးအင်အား ဆိုလို့ရှိရင် ၃၀ လောက်ပဲ ရှိတယ်။ နယ်မြေခံ ရဲဆိုရင်လည်း ရှင်းရှင်း ပြောလို့ရှိရင် အဲဒီလောက်ပဲ ရှိမယ်။ ပြောရမယ်ဆိုလို့ရှိရင် ဘုရားပေါင်း ၃ ထောင်ကျော်ကြီးကို လုံခြုံရေးအင်အား ၁၀၀ ကျော်လောက် မရှိတဲ့ အင်အားနဲ့ ကျနော်တို့ လုပ်ဆောင်နေရတာပေါ့နော်။ ဒါက လုံးဝကို မဖြစ်ဘူးပေါ့နော် ကာကွယ်ဖို့ကလေ။ ဒီဒေသရဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေရဲ့ ဒီအမွေအနှစ်ပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်လို စိတ်တွေပေါ့နော်၊ ပိုပြီးတော့ မြင့်မားလာအောင်၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ နည်းပါးလာအောင်၊ လောင်းကစား တွေ လုပ်တာတွေ နည်းပါးလာအောင် အကုန်လုံး ဝိုင်းဝန်းပြီးတော့ လျှော့ချမှပဲ အောင်မြင်မှာပေါ့နော်။ ကျနော်တို့ နောက်ဆုံး စာရင်းအရဆိုလို့ရှိရင် ၃၈၃၇ ဆူတောင် ရှိတယ်ဆိုတော့ ဧရိယာတွေက ပျံ့နှံ့နေတာဆိုတော့လေ လူနဲ့ မမျှဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံးတော့ နယ်မြေခံရဲတွေနဲ့ ကျနော်တို့ လုံခြုံရေးအဖွဲ့တွေနဲ့ စီမံ ချက်တွေ ဆွဲပြီးတော့ အတတ်နိုင်ဆုံး ဒီလို နောက်မဖြစ်အောင်ပေါ့နော် ဆောင်ရွက်နေတယ်။ ဒါကိုလည်း ကျနော် တို့က ဒီတစ်ခုတည်းနဲ့လည်း လုပ်လို့မရဘူး။ ဒေသခံအနေနဲ့ ကျနော်တို့ကို သတင်းပေး၊ ထူးခြားချက်တွေကို အချိန်နဲ့တပြေးညီ သတင်းပေးမှသာလျှင် ကျနော်တို့ ဒါမျိုးကို ကာကွယ်နိုင်မှာပေါ့နော်” ဟု ပြောသည်။

ပုဂံဒေသ ဘုရားတစ်ဆူကိုတွေ့ရစဉ်

ပုဂံတွင် လုံခြုံရေးအင်အားဖြင့် ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် အခက်အခဲရှိနေကြောင်း၊ နည်းပညာအကူအညီဖြင့် စောင့်ကြည့်ကင်မရာ CCTV များ တင်ဆင်ပြီး ကာကွယ်စောင့်ရှောက်ရန်လည်း လိုအပ် သည်ဟု ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆက်ပြောသည်။

ပုဂံရှိ ရှေးဟောင်းအမွေအနှစ်များ ခိုးယူခံရခြင်းသည် ၂၀၂၂ ခုနှစ်တွင် ပိုမိုများပြားကြောင်း သိရသည်။

ထိုခိုးယူမှု များပြားရခြင်းမှာ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု နည်းပါးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း နှင့် လောင်းကစား လုပ်ဆောင်ခြင်း၊ အမွေအနှစ် ပစ္စည်းများကို ထိန်းသိမ်းကြရမည့် အသိပညာ အားနည်းခြင်းတို့ ကြောင့်ဖြစ်သည်ဟု ဒေသခံများနှင့် ပညာရှင်များက ထောက်ပြကြသည်။

၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပခဲ့သော ယူနက်စကို၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေး၌ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက် က သတ်မှတ်ခဲ့သည်။