CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံတွင် ပြစ်မှုတစ်ခုခုဖြင့် အချုပ်ကျခံပြီးသည့် မြန်မာများအား နေရပ်သို့ပြန်ပို့ရန် လုပ်ဆောင်ရာတွင် ငွေကြေးပေးသူများကိုသာ ဦးစားပေး၍ နေရပ်ပြန်ပို့နေကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ နေရပ်ပြန်ပို့ရန်အတွက် ငွေကြေးပေးရာတွင် နေရာဒေသနှင့် လူပုဂ္ဂိုလ်အပေါ်မူတည်ကာ ဘတ်ငွေ ၄၀၀၀ (မြန်မာငွေကျပ် သုံးသိန်းကျော်)မှ ၁၀၀၀၀ (မြန်မာငွေကျပ် ရှစ်သိန်းကျော်) အထိပေးရကြောင်းနှင့် ငွေကြေး မတတ်နိုင်သူများအနေဖြင့် နေရပ်ပြန်ပို့ခြင်း မခံရဘဲ ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထိန်းသိမ်း ခံနေရ ကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာများကို တွေ့ရစဉ်
FEDမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်က ထင်တယ် ရနောင်း အချုပ် ခန်းထဲမှာ ဆန္ဒပြတဲ့အထိ ဖြစ်တယ်။ ဒီကိစ္စတွေမှာလည်း ပြစ်ရက် ပြည့်ပြီးလို့ရှိရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ နိုင်အောင်လည်း အစိုးရတွေပေါ့လေ၊ အလုပ်သမား သံအရာရှိတွေလည်း အဲဒီကိစ္စမျိုးကို ဖိဖိစည်းစည်း ဆောင် ရွက်သင့်တယ်။ ပိုက်ဆံနည်းနည်းလေး ပိုပေးနိုင်တဲ့ကောင်က အရင်ရောက်သွားတာပေါ့။ ကျနော်တို့က အတိ အကျ ပြောဖို့တော့ ခက်တယ်။ တချို့ကြတော့လည်း တကယ် လေး၊ ငါးထောင်၊ တစ်သောင်း (ဘတ်ငွေ) ပေးပြီး တော့မှ ထွက်သွားတဲ့ လူတွေလည်း ကျနော်တို့ ကြားရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ရနောင်း အချုပ်ခန်းရှိ မြန်မာ ၆၀၀ ကျော်သည် နေရပ်ပြန်ပို့ရေး ဆန္ဒပြမှု ဖြစ်ပွားခဲ့သဖြင့် မြန်မာသံရုံး အလုပ်သမားသံအရာရှိမှ အချုပ်ခန်းတာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် လုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ နေရပ်ပြန်ပို့ရေးအတွက် ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများထဲတွင် နေရပ်ပြန်ပို့ရန်အတွက် နှစ်ဝက်ခန့် စောင့်ဆိုင်းနေကြရသူ အများအပြားရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ငွေကြေးတစ်စုံတစ်ရာရမှ ပြန်ပို့တာတွေကလည်း အထောက်အထားတွေနဲ့ ရှိနေပြီးသားဖြစ်တဲ့အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အချုပ်ထောင်တွေ ထဲကနေ အိမ်ပြန်ချင်တာကလွဲရင် သူတို့အနေနဲ့ ဘာမှ ပြောလို့မရဘူးပေါ့။ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ကား တစ်စီးပြည့်မှ နယ်စပ်ကို ပြန်ပို့တာမျိုးတွေ ရှိတယ်။ အဲဒီမှာ မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ တချို့ ကြတော့ လည်း ၄၊ ၅၊ ၆ လ တစ်နှစ်နီပါးအထိ နေရတာတွေရှိတယ်။ ကျနော်တို့ မြန်မာတွေကို အဓိက ပစ်မှတ် ထားတာ ကတော့ ကျနော်တို့ အစိုးရက အဲဒီလိုမျိုး ကိစ္စတွေကို မြေပြင်မှာ တိတိကျကျ ကိုယ့်နိုင်ငံသားတွေအတွက် ကူညီ ဆောင်ရွက်ပေးတာ မရှိဘူး။ ကျနော်တို့လို အလုပ်သမားအရေး လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကပဲ သွားရောက် တွေ့တာမျိုးတွေ မေးမြန်းတာမျိုးတွေ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမေးမြန်းပြီးတော့မှ ပြည်တော်ပြန်အဖြစ် အမြန်ဆုံးပြန်ပို့ဖို့ ကူညီတာပဲရှိတယ်။ တကယ်တမ်းကျရင် ဒီလိုကိစ္စတွေကို မြေပြင်မှာ တိတိ ကျကျ အစိုးရချင်း ချိတ်ဆက်ပြီးတော့မှ လုပ်ပေး သင့်တယ်လို့ မြင်တယ်။ ငွေကြေးတစ်စုံတစ်ရာ မရဘဲနဲ့ ထိုင်း လ.ဝ.က ကလည်း အဲဒီလိုမျိုး ပြန်မပို့တာတွေ ရှိတယ်လေ”ဟု ပြောသည်။
ထို့အပြင် ပြစ်ဒဏ်ကျခံပြီးသဖြင့် နေရပ်သို့ ဦးစွာပြန်ပို့ခံရရေးအတွက် အာဏာပိုင်များအား ငွေကြေး တစ်စုံတစ်ရာ ပေးပြီးသော်လည်း နေရပ်ပြန်ပို့ မခံရသည့် သူများလည်း ရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအကျဉ်းထောင်ကိုတွေ့ရစဉ်
၎င်းက “ဒီလူတွေကို ပြန်ပို့တယ်ဆိုတာက မဲဆောက်ဘက်တော့ မပြောတတ်ဘူး။ ရနောင်းဘက်ကနေ ပို့တဲ့ဟာ ကြတော့ အချုပ်ထဲမှာရှိတဲ့ လူတွေထဲကမှ သူက ပြန်တဲ့အုပ်စုထဲမှာဆို ချုပ်ရက်ကြာတဲ့ စောရောက်တဲ့လူတွေကို အရင်ဆုံး ပို့ပေးတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလိုပို့တဲ့ အခါမှာလည်း စာရင်းကို ဗမာဘက်ပို့။ ပို့တဲ့အခါမှာလည်း တနင်္သာရီတိုင်းဒေသတို့ ဒီအောက်ပိုင်းပြည်နယ်တွေကို ဦးစားပေးပြီးပို့တယ်။ ဘာလို့ဆို ဟိုဘက်ဆိုရင် ကုန်ကျ စရိတ်တို့ ဘာတို့က မတတ်နိုင်ဘူး။ အစိုးရအနေနဲ့ ဗမာဘက်အခြမ်းက မထောက်ပံ့နိုင်ဘူးပေါ့။ ဆိုတဲ့အခါ ကျတော့ ဒီဘက်တွေကို ဦးစားပေးပို့တော့ စာရင်းပို့တယ်ဆိုတဲ့ နေရာမှာ တချို့တွေက သက်ဆိုင်ရာ အာဏာပိုင် တွေကို ပိုက်ဆံပေးပြီးတော့ အမြန်ပြန်ဖို့အတွက် လုပ်တာတွေလည်း ရှိတယ်လို့ ကြားတယ်။ အဲဒီလိုလုပ်တဲ့ အချိန် မှာ ပိုက်ဆံလည်း ပေးပြီးရော သူတို့ကို ပြန်ပို့မယ် နောက်ထပ်ပါမယ် နောက်ပြီးတော့ပါမယ် ဆိုတဲ့အချိန်မှာ မပါဘဲ နဲ့ ဖြစ်တာပေါ့နော်” ဟု ပြောသည်။
ကိုဗစ်ရောဂါ အခြေအနေများကြောင့် ပြစ်ဒဏ်ကျခံပြီးသူများအား နေရပ်ပြန်ပို့ရေး လုပ်ဆောင်ရာတွင် ထိုင်းဘက် မှ တာဝန်ရှိသူများက ကန့်သတ် အရေအတွက်ဖြင့်သာ နေရပ်ပြန်ပို့နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာများအနေဖြင့် ထို အချုပ်ခန်းများတွင် အဖမ်းအဆီး ခံထားရသူ အများအပြား ရှိသောကြောင့် လူစုပြုံ၍ နေထိုင်ရခက်ခဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ ကျန်းမာရေး ပြဿနာများ ကြုံရခြင်းတို့အား ကြုံတွေ့ရ ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။