CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

နစကအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးမြှင့်ခဲ့ခြင်းနှင့် စုဖွဲ့မှုများ ပြင်ဆင်လာခြင်းကြောင့် ရှေ့အလားအလာတွင် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်လာနိုင်သလဲဆိုကာ နိုင်ငံရေးအသိုင်း အဝိုင်းမှာ ဆွေးနွေးလျက်ရှိနေသည်။

နစကသည် သက်တမ်း ၆ လတိုးလိုက်သော်လည်း အပြောင်းအလဲ မဖြစ်လာနိုင်ကြောင်း၊ ၎င်းတို့ အာဏာရယူခဲ့ သည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံသည် သာမန်အချိန်သာ ရှိနေသေးကြောင်း၊ အပြောင်းအလဲ ဖြစ်လိုပါက တွေ့ဆုံ ဆွေးနွေးသင့်သည့် ပုဂ္ဂိုလ်များဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။

NUG – PDF ကိုတွေ့ရစဉ်

၎င်းက “ပြောင်းလဲသွားနိုင်သလားဆိုရင် ဘာမှ မပြောင်းလဲလို့လည်း ၆ လ ထပ်တိုးတာပဲလို့ မြင်တယ်၊ ဘာဖြစ်လို့ လဲဆိုရင် မြန်မာနိုင်ငံ အခြေအနေက အဲဒီမှာ ကာ/လုံ အစည်းအဝေးမှာ ပြောတဲ့ စကားဆိုရင် သာမန်အခြေအနေ မဟုတ်ဘူးဆိုလို့ အဲဒီလို ပြောတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် နစက ကောင်စီက အာဏာယူတဲ့အချိန်မှာ မြန်မာ နိုင်ငံက သာမန်အခြေအနေပဲ ရှိတယ်လို့ ပြောလို့ရတယ်၊ အခုလောလောဆယ် သာမန်အခြေအနေ မဟုတ်ဘူးဆို တော့ ဒါအပြောင်းအလဲ ဖြစ်တယ်လို့ ပြောလို့မရဘူး။ သာမန်အခြေအနေက သာမန်မဟုတ်တဲ့ အခြေအနေကို ‌ရောက်သွားတယ်ဆိုတာ ဒါအပြောင်းအလဲဖြစ်တာ မဟုတ်ဘူး။ အနုတ်လက္ခဏာဆောင်တဲ့ သဘောပဲဖြစ်တယ်၊ အဲဒါကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးတာလဲ အပြောင်းအလဲ ဖြစ်နိုင်သလားမေးရင် ဘာမှ အပြောင်းအလဲ မဖြစ်နိုင်တဲ့ အတွက်ကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးတယ်လို့ပဲ ကျနော်က အဲဒီလို မြင်တယ်” ဟု ပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော် တစ်ဝန်းလုံး အ‌ရေးပေါ် အခြေအနေ ကြေညာသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို နစက ဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံကြောင်း ကာ/လုံ အစည်းအဝေး ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ သက်တမ်း ၆ လအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာရန် အလားအလာ နည်းကြောင်း အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီအရေး ၂၀၂၁ ခုနှစ်က တောင်းဆိုနေကြစဉ်

၎င်းက “နိုင်ငံရေး အပြောင်းအလဲကတော့ ကျနော်ထင်တယ်ဗျ၊ ဖြစ်လာဖို့ အလားအလာ နည်းတယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ ခင်းကျင်းထားတဲ့ဟာကို ကြည့်လိုက်တဲ့အခါမှာ နိုင်ငံရေးမှတ်ပုံတင်ကိစ္စပဲ ကြည့်မလား၊ နိုင်ငံရေး မှတ်ပုံတင်ကိစ္စ ကြည့်လိုက်ရင်လည်း သူက ခက်ခဲမှုတွေ များစွာနဲ့ လုပ်ထားတယ်၊ တစ်ခါ ပြည်တွင်း တည်ငြိမ်မှု ကိစ္စကြတော့လည်း ပြည်တွင်း တည်ငြိမ်မှုကိစ္စက တဖြည်းဖြည်းနဲ့ တစ်ဖက်က ပါဝါက တဖြည်းဖြည်း နဲ့ မြင့်လာမယ့် အလားအလာရှိတယ်၊ ဒီဖက်ကကြတော့လည်း ကျနော်တို့ ဘာပဲပြောပြော လူတွေကတော့ ပြောင်းသွားတယ်၊ သို့သော် နစကအနေနဲ့ တာဝန်ယူပြီး ဆက်ပြီး ၆ လ လုပ်တာဖြစ်တဲ့အတွက် အားလုံးကလည်း ဒီအပေါ်မှာ အမြင်က အရင်အတိုင်းပဲ ယုံကြည်မှုအား နည်းနည်း နည်းတာပေါ့ဗျာ၊ အဲဒီပုံစံမျိုး ရှိတဲ့အခါကြတော့ ကျနော်ထင်တယ်၊ ဒီ ၆ လအတွင်းမှာတော့ ခင်းကျင်းထားတဲ့ အနေအထားအရ တစ်ဖက်နဲ့ တစ်ဖက် မလျှော့ဘူး ဆိုတဲ့ သူတို့ လုပ်ချင်တဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုတဲ့ အဖြေမျိုးပဲ ကျ‌နော်က တွေ့ရတယ်” ဟု ပြောသည်။

နစက သက်တမ်းတိုးလိုက်သည့် ၆ လအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်ခြေ နည်းပါးသည့်အတွက် သက်တမ်းကုန်ပြီးနောက် ၆ လတိုးသွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။