CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

ရှမ်းနီလူမျိုးများသည် ပြည်နယ်ရရန် ထိုက်တန်ကြောင်း ရှမ်းနီအမျိုးသားများကောင်စီ(SNNC)မှ ဗဟိုကောင်စီဝင် ဆေဝမ်းဖှက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုကြီးအတွင်း ရှမ်းနီလူမျိုးများ နစ်နာဆုံးရှုံးမှုကို တည်ဆဲအစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆေဝမ်းဖှက “ဟုတ်ကဲ့။ ရှမ်းနီအမျိုးသားများကောင်စီ(SNNC)ကို ဖွဲ့စည်းရခြင်းဟာ ရှမ်းနီအမျိုးသားများ ပြည် နယ်(ဝါ) ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ရရှိဖော်ဆောင်ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ရှမ်းနီ တစ်မျိုးသားလုံး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရှမ်းနီပြည်သူလူထု အားလုံးရဲ့"ဘုံ" သဘောဆန္ဒတွေကို အောင် မြင်စွာ ဆောင်ရွက်နိုင်ဖို့ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်မယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားများ ပြည်နယ်ရရှိဖို့ ဆောင်ရွက်ရာမှာ မိမိတို့ရဲ့ ရှမ်းနီလူမျိုးများဟာ ပြည်နယ်တိုင်းဒေသကြီးနဲ့ ထိုက်တန်တဲ့ လူမျိုးများ ဖြစ်ကြောင်းနဲ့ ပြည်ထောင်စုကြီးအတွင်းမှာ ဘယ်လိုနစ်နာ ဆုံးရှုံးခဲ့ရကြောင်းကို တည်ဆဲနိုင်ငံတော် အစိုးရကို တင်ပြတောင်းဆိုသွားပါမယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတော် တည်ဆဲအစိုးရရဲ့ သဘောတူခြင်း၊ သဘောမတူခြင်း အပေါ် သုံးသပ်ပြီး အသစ်ပေါ်ပေါက်လာမဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည် တင်သွင်းနိုင်အောင် ဆောင်ရွက် နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဒေသအသီးသီးမှာ ရှိကြတဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ လုပ်ငန်းကော်မတီ အသီးသီးရဲ့ ကြိုးစားဆောင်ရွက်မှုနဲ့ အောင်မြင်သည်အထိ လုပ် ကိုင်နိုင်ဖို့ စီစဥ်လျက်ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၆ အရ ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်တို့ကို ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင်ကန့်ကွက်နေသည့် ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ထည့်သွင်း ပေးလိုက်ကြောင်း သိရသည်။

ရှမ်းနီ ဓားသိုင်းအကကိုတွေ့ရစဉ်

အလားတူ ကျန် ရှမ်းနီဒေသများဖြစ်သည့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင် တို့ကို လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရ ကြောင်း ရှမ်းနီများက ပြောသည်။

ရှမ်းနီပြည်နယ် ဖွဲ့စည်းရန် လွတ်လွတ်လပ်လပ် တောင်းဆိုခွင့် ရှိကြောင်း၊ သို့သော်လည်း ကချင်လူမျိုးများ၏ သဘောထားမပါဘဲ ပထဝီအနေအထားကို ပြောင်းရွှေ့ရန် ခွင့်မပြုကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်း “တောင်းဆိုတာကတော့ ဘယ်သူပဲဖြစ်ဖြစ် ရှမ်းနီ မကပါဘူး။ ဘယ်သူပဲ တောင်းဆို တောင်းဆို ဒါကတော့ လွတ်လွတ်လပ်လပ် တောင်းဆိုပိုင်ခွင့် ရှိပါတယ်၊ တစ်ခုကတော့ ကျနော်တို့ ကချင်၊ ကျနော်ကိုယ်တိုင်လည်း ကချင်ဒီမိုကရက်တစ်ပါတီရဲ့ ၂၀၁၆ မှာ ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြပြီးပါပြီ၊ ဒါက ဘာလဲဆိုတော့ ဒီကချင်လူထုရဲ့ သဘောထား မပါဘဲနဲ့ နာမည်ကို ပြောင်းခြင်း၊ မလုပ်ပါနဲ့ နောက်တစ်ချက် ကတော့ ကချင်အမျိုးသားတွေရဲ့ သဘောထားမပါဘဲနဲ့ ပထဝီအနေအထားကို ပြောင်းရွှေ့ဖို့ ကျနော်တို့ ခွင့် မပြုနိုင်ဘူးဆိုတဲ့ ဟာမျိုးကို ကျနော်တို့ တင်ပြပြီးပါပြီ၊ အခုလည်း ဒီလိုပါပဲ၊ အခုတောင်းဆိုတာ၊ မတောင်းဆို တာက သူတို့ရဲ့ ကဏ္ဍဖြစ်ပါတယ်၊ ကျနော်တို့ ကချင်အမျိုးသားတွေရဲ့ သဘောထားကို သိဖို့လိုပါလိမ့်မယ်၊ ကချင်အမျိုးသားတွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတာပေါ့” ဟု ပြောသည်။

မိမိတို့အနေဖြင့် (၈)ပြည်နယ်မူကို ‌ထောက်ခံမှာ မဟုတ်ကြောင်း၊ ရှမ်းနီပြည်နယ် တောင်းဆိုမှုကို ၎င်းတို့ အမျိုးသားရေးအရ လုပ်သင့်လုပ်ထိုက်ကြောင်း လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီလူမျိုးများ၏ အလံကိုတွေ့ရစဉ်

ဦးရွှေမင်းက “အထူးသဖြင့်တော့ လက်ရှိ ပကတိ အခြေအနေကိုလည်း ကြည့်ရမှာ ဖြစ်သလို သမိုင်းကိုလည်း ပြန်ပြီးမှ ဆန်းစစ်ရမှာ ဖြစ်ပါတယ်၊ ကျနော်တို့ ပြည်နယ်တွေ ပေါ်ထွန်းလာတဲ့ အချိန်မှာ ဘယ်ပုံစံနဲ့ ပေါ်ထွန်းခဲ့ သလဲ၊ ဘယ်ဒေသကဖြင့် ဘယ်လူမျိုးတွေ အများစု နေထိုင်ပြီးတော့ ရှေ့ဘိုးဘေးကတည်းက သူတို့ နေထိုင်ခဲ့တဲ့ နေရာ လက်ရှိလည်း အင်အားသူတို့ များတယ်၊ သို့သော် အဲဒါကို တခြားလူမျိုးတစ်ခုက ပြည်နယ်အဖြစ် သတ်မှတ် လိုက်တာကတော့ သူတို့ရဲ့ ခံစားချက်မှာလည်း သူတို့ရှိပါလိမ့်မယ်၊ ရှမ်းနီတွေရဲ့ ဖွဲ့စည်းမှု အ‌ပေါ်ကတော့ ကျနော် တို့က တခြားပြောကြား သုံးသပ်ပြောကြားစရာတော့ တခြား မရှိပါဘူး။ သို့သော် ပြည်နယ်သစ် ပေါ်ထွန်းရေး ဆို တာတော့ ဒါကျနော်တို့ လာမယ့် အခြေခံဥပဒေမှာတော့ ဖော်ပြသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။

ရှမ်းနီလူမျိုးများမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း အများဆုံး နေထိုင်ကြပြီး ရိုးရာဓလေ့ စရိုက်များ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများ တူညီသည့်အတွက် စုစည်းရန် ခက်ခဲမှာ မဟုတ်ကြောင်း ရှမ်းနီ အမျိုးသားများကောင်စီ(SNNC)မှ ဆေဝမ်ဖှက ပြောသည်။

၎င်းက “ကျနော်တို့ ရှမ်းနီလူမျိုးများဟာ အဲဒီ စစ်ကိုင်းတိုင်းတွေ ကချင်ပြည်နယ်တွေ မဖြစ်ထွန်း မပေါ်ပေါက်မီ ကတည်းက ဒီလိုကျယ်ပြန့်တဲ့ နယ်မြေတွေမှာ နှစ်ပေါင်းများစွာ မြို့ပြပြည်ထောင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တစ်မိသားစုထဲက ညီအစ်ကို မောင်နှမများ ဖြစ်ပါတယ်။ မပြည့်စုံ၊ မမျှတတဲ့ အခြေခံ ဥပဒေတွေကြောင့်သာ နယ်မြေတွေ ပိုင်းခြားသိမ်းပိုက် ခံကြရပေမဲ့ ရှမ်းနီတွေရဲ့ မူလမျိုးချစ်စိတ်တွေ ရိုးရာ ဓလေ့ စရိုက်တွေ၊ စာပေ ဘာသာစကားတွေ ၊ ယဥ်ကျေးမှုတွေဟာ တူညီကြပြီး အဲဒီအပေါ် တန်ဘိုးထား မြတ်နိုးမှုတွေ ကလည်း အတူတူပါ။ တနည်း ပြောရရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဘုံဆန္ဒ သဘောထားတွေဟာ အတူတူဘဲ ဖြစ်ကြပါ တယ်။ အဲဒီအတွက် စုစည်းဖို့ ခက်ခဲမယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့ပါဘူး” ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကိုတွေ့ရစဉ်

ရှမ်းနီလူမျိုးများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူဦးရေ ၁ သန်းခန့် ရှိနေပြီး ပြည်နယ် ရရှိရန် ၂၁ ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)မှာ တရားဝင် တောင်းဆိုမှုများလည်း ရှိခဲ့ သည်။
ထို့နောက် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) သည်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းလျက်ရှိနေသည်။