CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ရှမ်းနီပြည်နယ် (ဝါ) ရှမ်းနီအမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဖော်ဆောင်ရန်အတွက် ရှမ်းနီအမျိုး သားများကောင်စီ(SNNC)ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ရှမ်းနီအမျိုးသားများကောင်စီ(SNNC)သည် ရှမ်းနီမျိုးနွယ်များဖြစ်သော တိုင်းခန္တီး၊ တိုင်းလျန်(တိုင်းနိုင်း၊ တိုင်းလိုင်)၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းလေ စသည့် မျိုးနွယ်များ၏ စာပေ ယဉ်ကျေးမှုဆိုင်ရာများ၊ သမိုင်းကြောင်း များ၊ ပထဝီနိုင်ငံရေး အခြေအနေများနှင့် လက်ရှိ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းအဆင့် ဆင့်ကို စနစ်တကျ စီမံခန့်ခွဲပြီး ဆောင်ရွက်ကြမည့် ရှမ်းနီအဓိပတိအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။

ရှမ်းနီတိုင်းရင်းသား လူငယ်များကိုတွေ့ရစဉ်

SNNC က “ ရှမ်းနီအမျိုးသားများကောင်စီ(SNNC)သည် ကျစ်လစ်ခိုင်မာသည့် ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌာန်းနိုင်ရေးနှင့် လုပ်ငန်းကော်မတီအသင်းသင်း၏ လုပ်ငန်းတာဝန်များ ချမှတ်မည့် ရှမ်းနီအမျိုးသားများညီလာခံကို မကျင်းပမီ လက်ရှိ နိုင်ငံရေးအခြေအနေအရ လုပ်ငန်းကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါသည်။ အဆိုပါ လုပ်ငန်း ကော်မတီသည် နှစ်ပေါင်းများစွာ ရှမ်းနီမျိုးနွယ်ထုတစ်ရပ်လုံး၏ အဓိကမျှော်မှန်းချက်ဖြစ်သော မိမိ အမျိုးသား ကြမ္မာ မိမိတို့ဖန်တီးနိုင်ရေးဖြစ်သည့် ရှမ်းနီအမျိုးသားများပြည်နယ် တည်ထောင်နိုင်ရေးအတွက် အရေးပါသော ကော်မတီတစ်ရပ်ဖြစ်သည်”ဟု ပြောသည်။

 

ရှမ်းနီပြည်နယ်ရရှိရေး တောင်းဆိုနေကြစဉ်

ရှမ်းနီတိုင်းရင်းသားများသည် ကချင်ပြည်နယ်အတွင်း ပါဝင်သွားသော ရှမ်းနီဒေသများဖြစ်သည့် မိုးညှင်း၊ မိုး ကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ တမူး၊ ဗန်းမောက်၊ ကလေး၊ ကသာ၊ မော်လိုက် စသည့်ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် (ဝါ) ရှမ်းနီအမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်နိုင်ရေး တောင်းဆို ကြိုးပမ်းလျက်ရှိသည်။