CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏ လေပိုင်နက်ကို အသုံးပြုကာ တိုက်ခိုက်မှု ပြုလုပ်နေသည့် တပ်မတော်ကို အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

ချင်းအမျိုးသားတပ်ဦး(CNF)၏ ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

NUG က “အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း မိမိတို့၏ လေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူ များကို သတ်ဖြတ်နေရုံမက၊ အိမ်နီးချင်း နိုင်ငံများရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်စိမ် လုံခြုံမှုကိုပါ ခြိမ်း ခြောက် လာနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုသည်” ဟု ပြောထားသည်။

အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြောင် ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကိစ္စအား ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံ တကာ အသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများကိုလည်း လျစ်လျူရှုခြင်း ဖြစ်သည်ဟု ပြောသည်။

NUG ၏ ဖက်ဒရယ်ရေးရာဝန်ကြီးလည်းဖြစ် CNF ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းကို CNF ရဲဘော်များနှင့်အတူ အိန္ဒိယနယ်စပ်မှာတွေ့ရစဉ်

အရှိန်မြန်သည့် လေယာဉ်များ လေပိုင်နက်ကျော်လွန်မှုများ ရှိနိုင်ကြောင်း သို့သော်လည်း နှစ်နိုင်ငံကြားမှာ နိုင်ငံ ရေးအရ ဖြေရှင်းနိုင်သည့်အတွက် ပြဿနာမရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ ကျနော်တို့ အိန္ဒိယဖက်က ခဏထားပေါ့လေ၊ ထိုင်းဖက်ကို လေယာဉ်ကျော်သွားတဲ့ ဖြစ်စဉ် ပေါ့၊ အဲဒါကို ကျနော်တို့ ကြည့်ကြတာပေါ့၊ အဲချိန်မှာ ထိုင်းနဲ့ မြန်မာကြားထဲမှာ နိုင်ငံရေးအရ ဆက်သွယ် ဖြေရှင်းမှု တွေ အများကြီးရှိတယ်၊ ဆိုရှယ်မီဒီယာမှာတော့ မြေပြင်ကလူတွေ သဘောထား မှတ်ချက်မျိုး တင်ပေးကြတာ ရှိပါ တယ်၊ ဒါပေမဲ့ အဲဒါက ဘာမှမဖြစ်ပဲ ပြီးသွားတယ်ပေါ့၊ ဒီမြန်မာအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အင်မတန် ကောင်း မွန်တဲ့ ဆက်ဆံရေးရှိတယ်၊ ဒါကြောင့်မို့လို့ နယ်စပ်နဲ့ ဆက်စပ်နေတဲ့ EAO စခန်းမျိုးတွေကြရင် အထူး သဖြင့်တော့ အရှိန်မြန်တဲ့ ဂျက်လေယာဉ်လို့ လေယာဉ်မျိုးတွေက ကျော်တာမျိုးတွေရှိတယ်၊ ကိုယ့်ဖက်က ဒါနဲ့ ပတ်သက်ပြီး တော့ နိုင်ငံရေးအရ ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုရင် ဒါက ပြဿနာဖြစ်စရာ အကြောင်းမရှိပါဘူး။ အဲဒီ တော့ အိန္ဒိယဖြစ်စဉ်နဲ့ ပတ်သက်ပြီး‌တော့လည်း ဒီဖက်ကတော့ ဘာမှတော့ ထူးထူးခြားခြား သတင်းတော့ မကြား ဘူး။ ကျော်တာမျိုးတော့ ရှိကောင်းလည်း ရှိနိုင်ပါတယ်၊ ဒါပေမဲ့ နှစ်နိုင်ငံကြားမှာ နိုင်ငံရေးအရ ကောင်း‌ကောင်း ဖြေရှင်းနိုင်တယ်ဆိုရင် ဒါဟာ ကျနော်တို့အတွက် ဘာမှပြဿနာရှိစရာ အကြောင်းမဟုတ်ပါဘူး” ဟု ပြောသည်။

တော်လှန်ရေး အင်အားစုများအနေဖြင့် အိမ်နီးချင်းကောင်းများနှင့် မဆက်ဆံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်က CNF ဌာနချုပ်ကို လေယာဉ်နဲ့ဗုံးကြဲစဉ် 

၎င်းက “ဒါကတော့ ရှင်းပါတယ်ဗျာ၊ ကျနော်တို့က အိမ်နီးချင်းကောင်းတွေနဲ့ မဆက်ဆံရပဲနဲ့ အိမ်နီးချင်းဆိုးတွေရဲ့ မတူတဲ့ အတိုင်းအတာနဲ့ ဒုက္ခပေးမှုတွေကို ကျနော်တို့ တော်လှန်ရေး အင်အားစုတွေက ခံနေရတဲ့အချိန်မှာ နောက် အဲဒီ ထိုင်းတို့၊ အိန္ဒိယတို့ ဆိုတာက တရုတ်၊ ဆိုဗီယက် စတဲ့ နိုင်ငံတွေနည်းတူ ဗမာပြည်အပေါ် သံတမန် စစ်ရေး ဆိုင်ရာ သဘောထား မကောင်းပါဘူး။ ပြီးခဲ့တဲ့ ကာလအတွင်းက လုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင် ဒီအင်အားစုတွေဟာ ကန့်ကွက်မဲ ပေးကြသော်ငြားလည်း သူတို့ ပြည်တွင်းရေးကို တခြားအင်အားစုတွေ က၊ တခြားတိုင်းပြည်တွေက ဝင်ရောက် စွက်ဖက်ခွင့်ကို သူတို့က ကာကွယ်မှုကို ရပ်ခံပြောဆိုနေတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ အဲဒီတိုင်းပြည်တွေက ကျနော်တို့ နွေဦးတော်လှန်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေ အထူးသဖြင့် စစ်ပြေးဒုက္ခသည်တွေကို အခုဆိုလို့ရှိရင် အိန္ဒိယဆိုရင်လည်း အသိအမှတ် မပြုပါဘူး။ အသိ အမှတ် မပြုတဲ့အပြင် အထောက်အကူလည်း မပြုပါဘူး။ ဒါပေမဲ့ ဒေသဆိုင်ရာ ပြည်နယ်ခေါင်းဆောင် ကနေပြီး တော့ နေရာပေးနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံလည်း အဲဒီအတိုင်းပါပဲ၊ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ စစ်ဘေး ဒုက္ခ သည်တွေ ထိရောက်တဲ့ အကူအညီတွေ ဘယ်တုန်းကမှ ထိုင်းနိုင်ငံက မပေးခဲ့ပါဘူး” ဟု ပြောသည်။

နွေဦးတော်လှန်ရေး လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကို အိမ်နီးချင်းနိုင်ငံများမှ မသိကျိုးကျွန် ပြုခြင်း ခံရသလို နစကကို သွယ်ဝိုက်သည့်န ည်းဖြင့် ထောက်ခံအားပေးနေသည်အထိ ရှိနေကြောင်း ၎င်းက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ CNF ၏ ဗစ်တိုးရီးယားဌာနချုပ် စခန်းကို တပ်မတော်က ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။