CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံရှိ PJ (Passport for Job) နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များအား စက်ရုံများသို့ သက်တမ်းတိုးလာရောက် ပြုလုပ်ပေးမည်ဟု ဘန်ကောက်ရှိ မြန်မာသံရုံးထံမှ သိရသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြုလုပ်ရန်ကျန်ရှိသည့် လူဦးရေ ၁၀၀၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံ များသို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အလှည့်ကျစေလွှတ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပေးမည်ဆိုပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် များစွာအဆင်ပြေစေမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် တန်းစီစောင့်ဆိုင်းနေသည့် လူအုပ်ကြီး


၎င်းက “ဒါတွေက တကယ်လည်း ဖြစ်သင့်ဖြစ်ထိုက်တာကြာပြီပေါ့။ သို့သော် ခက်တာက အခုအချိန်မှ အဲဒီလို လိုက်လုပ်ပေးတယ်ဆိုရင် အချိန်က အင်မတန်နှောင်းသွားပြီလို့ ကျနော်တို့က သုံးသပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ လပေါင်းများစွာ ကြာနေပြီ။ ပတ်စပို့စာအုပ်တွေ သက်တမ်းကုန်နေတဲ့လူတွေလည်း သိန်းနဲ့ချီပြီး ရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့် ဟိုအရင်ကတည်းက စနစ်တကျ အဲဒါမျိုးကို စီမံခန့်ခွဲပြီးမှ သက်ဆိုင်ရာ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနနဲ့ ချဉ်းကပ်ပြီး ပိုမိုအဆင်ပြေလွယ်ကူနိုင်တဲ့လုပ်ငန်းစဉ်တွေကို အရင်ကတည်းက လုပ်ခဲ့ရမှာဖြစ်ပါတယ်။ အခုတော့ တစ်နိုင်ငံလုံးမှာ သိန်းနဲ့ချီပြီး ရှိနေတဲ့ ပုံနေတဲ့ အလုပ်သမားတွေ အများကြီးကို အခုမှ ထလုပ်ပေးတယ်ဆိုရင်တော့ အချိန်တအားနောက်ကျသွားပြီလို့ ယူဆတယ်။ ဥပမာဆိုပါတော့ ကျနော် တိုင်းနဲ့ပြည်နယ် ၇၇ ခုကို မပြောလိုတော့ဘူး။ ကျနော်တို့ မြန်မာအများစု ရှိနေပါတယ်လို့ မီဒီယာတွေ အများဆုံး သိနေကြတဲ့ မဟာချိုင်မှာတင် စက်ရုံပေါင်းက ၇၀၀၀ ရှိတယ်။ အဲဒီတော့ ဒီ ၇၀၀၀ မှာ အဲဒီလို အလှည့်ကျနဲ့ ဆိုရင် တစ်နိုင်ငံလုံးကို ဘယ်လိုသွားမလဲ။ ဒါကို ကျနော်ပြောချင်တာပါ။ အဲဒီတော့ အင်မတန်နှောင်းသွားပါပြီ”ဟု ၎င်းက ပြောသည်။

PJ (Passport for Job) နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား သက်တမ်းတိုးခြင်းဆောင်ရွက်ပေးရာတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် စက် ၄ စုံ၊ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတွင် စက်တစ်စုံတို့ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သို့သော် စက် ၂ စုံ အသစ် ထပ်မံရောက်ရှိလာသည့်အတွက် ယခုကဲ့သို့ စက်ရုံ၊ အလုပ်ရုံများသို့ လာရောက်ကာ သက်တမ်းတိုးခြင်းပြုလုပ်ဆောင်ရွက်ပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
သက်တမ်းတိုး ပြုလုပ်ရန် ကျန်ရှိသည့် လူဦးရေ ၁၀၀၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ၂၀၂၂၊ ၂၀၂၃ ခုနှစ်၌ သက်တမ်းကုန်ဆုံးမည့် လုပ်သားများစာရင်းကို သတ်မှတ်ပုံစံအတိုင်းပြုစုကာ ဇန်နဝါရီ ၂၀ ရက် နေ့တွင် နောက်ဆုံးထားပြီး ကောင်စစ်တာဝန်ခံ အရာရှိထံသို့ ပေးပို့ရမည်ဖြစ်သည်။

ထိုသို့ တင်ပြလာသည့် စက်ရုံ၊အလုပ်ရုံများအား ဇန်နဝါရီ ၂၃ ရက်နေ့တွင် အလှည့်ကျစနစ်အား မဲနှိုက်၍ ရက်သတ်မှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ထိုသို့ မဲနှိုက်ရာတွင် မသမာမှုများ မဖြစ်ရန် မျှော်လင့်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်း လုပ်ငန်းခွင်တစ်ခု

၎င်းက “ဒီနေရာမှာလည်း သမာသမတ်ကျပြီးတော့မှ တိကျမှန်ကန်ဖို့ လိုအပ်တယ်ပေါ့။ ဘယ်စက်ရုံက ငွေကြေး တစ်စုံတစ်ရာ တံစိုးလက်ဆောင်တွေပေးမှ အဲဒီစက်ရုံကို မဲပေးတာမျိုး၊ စက်ရုံကို အရင်ပတ်စပို့ရိုက်ခွင့် ပေးတာမျိုး တွေ မဖြစ်ဖို့ လိုအပ်တာပေါ့။ ကောင်းတာရှိသလို ဆိုးတာတွေလည်း ဖြစ်လာနိုင်တာပေါ့။ ဒါ တစ်ချက်ပေါ့။ ဒုတိယ တစ်ချက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပွဲစားလို့ ခေါ်မှာပေါ့။ အကျိုးတော်ဆောင်တွေ ကြားမခံရ တော့ဘူး။ စက်ရုံကနေ တိုက်ရိုက် သက်ဆိုင်ရာ သံရုံးက သွားရောက် ပတ်စပို့ထုတ်ပေးတယ်ဆိုရင်တော့ ဒါက နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ စာအုပ်ဖိုး ကုန်တော့မှာပေါ့။ ဒီလိုကျနော်တို့ မျှော်လင့် တာပေါ့။ဒါပေမယ့် နောက်ဆက်တွဲ ဘယ်လိုတွေ ဖြစ်လာပြီးတော့ ဘယ်လောက်ကောက်မလဲဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူး။ ပွဲစားခတွေ မကုန်တော့ဘူး။ အချိန်ပေးပြီး သွားစရာ မလိုတော့ဘူး” ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပြုလုပ်ရန် ကျန်သည့် လူဦးရေ ၁၀၀၀ အောက်ရှိသော စက်ရုံ၊ အလုပ်ရုံများအား မြန်မာသံရုံးတွင် အလှည့်ကျခေါ်ယူကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ယခုကဲ့သို့ လုပ်ဆောင်မှုအပေါ် ကြိုဆိုသော်လည်း မူဝါဒပိုင်းဆိုင်ရာအား မကြာခဏ ပြောင်းလဲနေသည့်အတွက် တိကျသည့် မူဝါဒတစ်ခုအား ချမှတ်၍ လုပ်ဆောင်သင့်ကြောင်းလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။