CNI International News

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ ၁၉

ပါကစ္စတန် အရှေ့မြောက်ပိုင်း ခါဘာ ပတ်ရှ်တွန်ခွာ (Khyber Pakhtunkhwa)ရှိ ပြည်နယ်လွှတ်တော်ကို ဝန်ကြီး ချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သည့် ပါတီမှ ဖျက်သိမ်းလိုက်ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကို စော၍ ကျင်းပနိုင်ရေး ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း(Imran Khan)၏ တွန်းအားပေးမှုကြောင့် သီတင်းပတ် တစ်ပတ်မပြည့်ခင် ကာလအတွင်း ဒုတိယကြိမ်မြောက် လွှတ်တော်ဖျက်သိမ်းရခြင်းလည်း ဖြစ်သည်။

လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းသည့်စာကို ခါဘာပတ်ရှ်တွန်ခွာပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဟာဂျီဂူလမ် အလီ (Haji Ghulam Ali) က ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ထိုးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် မာမွတ်ခန်း (Mahmood Khan)၏ တောင်းဆိုမှုကြောင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ခါဘာပတ်ရှ်တွန်ခွာပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဟာဂျီဂူလမ် အလီကိုတွေ့ရစဉ် (GETTY IMAGES)

မာမွတ်ခမ်းသည် ခမ်း၏ PTI ပါတီမှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ PTI ၏ ခေါင်းဆောင်ဖြစ်သူ အီမရန်ခန်း၏ အမိန့်ကြောင့် ပါကစ္စတန်နိုင်ငံ၏ လူဦးရေး အထူထပ်ဆုံးဖြစ်သော ပန်ဂျပ် (Punjab) ပြည်နယ် လွှတ်တော်ကို စနေနေ့တွင် ဖျက်သိမ်းခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသော အီမရန်ခန်းသည် ထိုအချိန်ကတည်းက လာမည့် အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ချက်ချင်း ကျင်းပရန် တောင်းဆိုခဲ့သူ ဖြစ် သည်။

ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အနေဖြင့် ကြားဖြတ်အစိုးရတစ်ရပ်ကို မခန့်အပ်နိုင်လျှင် ရွေးကောက်ပွဲသစ်ကို ပြည်နယ်လွှတ်တော်တစ်ခု ဖျက်သိမ်းပြီး ၃ လအတွင်း ကျင်းပပေးရမည်ဖြစ်သည်။

ပါကစ္စတန်တွင် ဖက်ဒရယ်နှင့် ပြည်နယ် ရွေးကောက်ပွဲများကို တစ်ချိန်တည်း ကျင်းပခဲ့ဖူးသည့် အစဉ်အလာရှိ သော်လည်း ဖွဲ့စည်းပုံအရ သီးသန့်ကျင်းပနိုင်ရန်လည်း ခွင့်ပြုပေးထားသည်။

 PTI ပါတီကိုတွေ့ရစဉ် (GETTY IMAGES)

နိုင်ငံ၏ ပြည်နယ်လွှတ်တော် လေးခုမှ နှစ်ခုဖျက်သိမ်းခြင်းဖြင့် လက်ရှိဝန်ကြီးချုပ် ရှက်ဘဲ့ဇ် ရှရစ်ဖ် (Shehbaz Sharif) အစိုးရအား အထွေထွေ ရွေးကောက်ပွဲကို ချက်ချင်းကြေညာရန် တွန်းအားဖြစ်စေရေး အီမရန်ခန်း၏ PTI ပါတီက မျှော်လင့်ထားသည်။

ခါဘာပတ်ရှ်တွန်ခွာ ပြည်နယ်တွင်သာ မဟုတ်ဘဲ ပါကစ္စတန်တစ်နိုင်ငံလုံး၏ လူဦးရေ သုံးပုံနှစ်ပုံ၏ ထောက်ခံမှု ဖြင့် ပြန်လာကာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ မာမွတ်ခန်းက ပြောသည်။

အစိုးရအနေဖြင့် ၎င်းတို့အကျိုးစီးပွားထက် ရွေးကောက်ပွဲကို စောစီးစွာကျင်းပနိုင်ရေး စဉ်းစားရန် အရေးကြီးသည် ဟု PTI ခေါင်းဆောင် မူဆာရတ်ဂျမ်ရှတ် ချီမာ (Musarrat Jamshed Cheema) က အယ်ဂျာဇီးယားသို့ ပြော သည်။

ရွေးကောက်ပွဲကို ချက်ချင်းကျင်းပရန် တွန်းအားပေးနေခြင်းသည် အီမရန်ခန်း အနေဖြင့် ၎င်းအပေါ် လူထု ထောက်ခံမှု မြင့်တက်လာခြင်းကို အသုံးချရန် ကြိုးစားခြင်း ဖြစ်သည်ဟု လာဟိုး(Lahore) အခြေစိုက်နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။

လက်ရှိ အာဏာရမဟာမိတ် အစိုးရအနေဖြင့် နိုင်ငံရေးပဋိပက္ခကို ရှောင်လွဲရန် ရွေးချယ်စရာများ မရှိကြောင်းနှင့် အီမရန်ခန်း၏ စီစဉ်မှုအတိုင်း လိုက်နာရန် ဖိအားပေး ခံရနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

Source: အယ်ဂျာဇီးယား