CNI International News

ကိယတ်ဗ်၊ဇန်နဝါရီ ၁၉

ယူကရိန်းနိုင်ငံ၏ မြို့တော်ကိယက်ဗ် အရှေ့ပိုင်းဆင်ခြေဖုံး အရပ်ရှိ ကလေးထိန်းကျောင်းအနီး ရဟတ်ယာဉ် ပျက်ကျမှုတစ်ခုတွင် ယူကရိန်းပြည်ထဲရေးဝန်ကြီး ဒန်းနစ် မိုနာစတီစကီ အပါအဝင် ယူကရိန်းပြည်ထဲရေးဌာနမှ ထင်ရှားသူ သုံးဦး သေဆုံးခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၄၂ နှစ်အရွယ်ရှိ ပြည်ထဲရေးဝန်ကြီး ဒန်းနစ် မိုနာစတီစကီ (Denys Monastyrsk)၊ ဒုတိယဝန်ကြီးနှင့် အတွင်းရေးမှူးတို့ သေဆုံးခဲ့ ခြင်း ဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျမှုသည် ဘရိုဗာရီ (Brovary) အရပ်တွင် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ရပ်တွင် ကလေးတစ်ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

လက်ရှိ အချိန်အထိ ထိုပျက်ကျမှုသည် မတော်တဆမှုလား၊ စစ်ပွဲနှင့်သက်ဆိုင်မှု ရှိသလား မသိရသေးပေ။

ယူကရိန်းပြည်ထဲရေး၀န်ကြီးနဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်

ပျက်မှုနှင့်ပတ်သက်သည့် ဖြစ်နိုင်ဖွယ် အကြောင်းအရာများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ယူကရိန်း အရေးပေါ်ဌာနက ကြေညာထားသည်။

ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်တွင် တမင် ပျက်ကျအောင် ပြုလုပ်ခြင်း၊ နည်းပညာချို့ယွင်းမှုနှင့် ပျံသန်းမှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတို့ ပါဝင်သည်။

အရေးပေါ်ဌာန၏ ကနဦး ထုတ်ပြန်ချက်တွင် လူ ၁၈ ဦး သေဆုံးသည်ဟု ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ အရေအတွက်ကို ၁၄ ဦးဟု ပြန်လည် ပြင်ဆင်ခဲ့သည်။

မိုနာစတီစကီသည် ယူကရိန်းသမ္မတ ဇာလန်းစကီး ကာလရှည် လက်တွဲခဲ့သော နိုင်ငံရေးအကြံပေးများမှ တစ်ဦး ဖြစ်ပြီး ၎င်းသည် ရုရှားကျူးကျော်စစ် ကာလအတွင်း သေဆုံးခဲ့သည့် ပထမဆုံးသော အထင်ကရပုဂ္ဂိုလ် တစ်ဦး လည်း ဖြစ်သည်။
ဝန်ကြီးသည် စစ်မြေပြင်သို့ သွားရာလမ်းတွင် ရဟတ်ယာဉ် ပျက်ကျမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သမ္မတရုံး တာဝန်ရှိ သူ တစ်ဦးက ပြောသည်။

ရဟတ်ယာဉ်ပျက်ကျသည့် တည်နေရာကို ပြထားစဉ် (BBC)

ပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့သည် ၎င်းနှင့်တွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်ဟု ကာကိဗ် (Kharkiv)မြို့ရှိ ရဲအရာ ရှိက ပြောသည်။

ပြည်ထဲရေးဝန်ကြီးသည် စစ်ပွဲကာလအတွင်း လုံခြုံရေးကို ထိန်းသိမ်းရန်၊ ရဲတပ်ဖွဲ့ကို ဦးဆောင်ရန် တာဝန်ယူ ထားရသူ ဖြစ်ခြင်းကြောင့် ၎င်း၏သေဆုံးမှုသည် ယူကရိန်းအစိုးရအတွက် ထိခိုက်မှုပင်ဖြစ်သည်။

မိုနာစတီစကီ သေဆုံးမှုကြောင့် ၎င်း၏နေရာတွင် ယူကရိန်းရဲချုပ်ကို ယာယီပြည်ထဲရေးဝန်ကြီး အဖြစ် အစားထိုး ခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကလေးထိန်းကျောင်း အဆောက်အဦသည် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရသည်ဟု လည်း သိရသည်။ အသက် ၄၂ နှစ်အရွယ် ပြည်ထဲရေးဝန်ကြီးသည် ဇာလန်းစကီး အစိုးရအဖွဲ့၏ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ၎င်းနှင့်တခြားသူများ သေဆုံးရမှုအတွက် ထိုဖြစ်ရပ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သူများက ရုရှား၏ ကျူးကျော်စစ်ကို အပြစ်တင်လျက်ရှိသည်။

Source: BBC