CNI International News

လီမာ၊ ဒီဇင်ဘာ ၈

ပီရူးသမ္မတ ပီဒရို ကတ်စတယ်လို(Pedro Castillo)သည် ပုန်ကန်မှုဖြင့် ရာထူးမှဖယ်ရှားခံရကာ ဖမ်းဆီးခံခဲ့ရ သည်ဟု AP သတင်း တွင်ဖော်ပြသည်။

ဥပဒေပြုလွှတ်တော်ကို ဖယ်ရှားရန် ကြံစည်မှု၊ အစိုးရအဖွဲ့ကို တစ်ဖက်သတ် ထိန်းချုပ်ရန် ကြိုးပမ်းမှုတို့ကြောင့် အခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းခံခဲ့ရခြင်းလည်းဖြစ်သည်။

ကတ်စတယ်လို၏ နေရာကို ဒု-သမ္မတ ဒီနာ ဘိုလူရာတီ(Dina Boluarte) က အစားထိုးဝင်ရောက်မည်ဖြစ်ပြီး သူမသည် နိုင်ငံသမိုင်းတွင် ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်လည်းဖြစ်လာသည်။ အသက် ၆၀ အရွယ် ရှေ့နေတစ်ဦးဖြစ်သူ ဘိူလူရာတီက နိုင်ငံရေးဆိုင်ရာ ပြေလည်မှုနှင့် ညီညွတ်သော အမျိုးသားအစိုးရတစ်ရပ် ဖွဲ့စည်းရန်တောင်းဆိုသည်။

သမ္မတဟောင်း ပီဒရို ကတ်စတယ်လို(ထိုင်ခုံ လက်ဝဲဘက်ထောင့်စွန်း)နှင့်ဝန်ကြီးချုပ်ဟောင်း အန်နီဘယ်လ် တော်ရက်စ်(ထိုင်ခုံ လက်ယာဘက်ထောင့်စွန်း) တို့ကို အစိုးရရှေ့နေများက မေးမြန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓါတ်ပုံ-အေပီ)

“ကိုယ်ကျင့်တရားဆိုင်ရာ မစွမ်းဆောင်မှု” ဟူသော အကြောင်းပြချက်များဖြင့် သမ္မတဟောင်း ကတ်စတယ်လိုကို လွှတ်တော်အတွင်း ထောက်ခံမဲ ၁၀၁ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ပျက်ကွက် ၁၀ မဲဖြင့် ရာထူးမှဖယ်ရှားရန် လွှတ်တော် အမတ်များက မဲပေးခဲ့ကြသည်။ ၎င်းသည် သမ္မတနန်းတော်မှထွက်ခွာကာ ရဲစခန်းတစ်ခုအတွင်းသို့ ဝင်ရောက် သွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဖက်ဒရယ်အစိုးရရှေ့နေများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖျက်ခြင်း ဆိုင်ရာ ပုန်ကန်မှုဖြင့် ကတ်စတယ်လိုကို ဖမ်းဆီးလိုက်ပြီဟု ကြေညာခဲ့သည်။ အဆိုပါဖြစ်ရပ် အပြီးတွင် ရဲစခန်းအနီးလာရောက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခ အနည်းငယ် ဖြစ်ပွားခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများကပြောသည်။

လွှတ်တော်အမတ်များက ၎င်းကိုဖယ်ရှားရန် မဲပေးဆုံးဖြတ်မှုအပြီး မကြာခင်မှာပင် ကတ်စတယ်လိုက အရေးပေါ် အစိုးရတစ်ရပ်ဖွဲ့စည်းကြောင်း၊ ဒီကရီဖြင့် အုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှ စတင်မည့် ကာဖျူးအမိန့်တစ်ခုကိုလည်း ညတွင်းချင်းထုတ်ပြန်ခဲ့သည်။

သမ္မတဟောင်း ကတ်စတယ်လိုကို ထောက်ခံအားပေးသူများနှင့် အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံစဉ်(ဓါတ်ပုံ-အေပီ)

ယင်းနောက် ပီရူးကာကွယ်ရေးဦးစီးချုပ်အပါအဝင် ဝန်ကြီး ၄ ဦးက ရာထူးမှနုတ်ထွက်သွားခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် ကတ်စတယ်လိုအနေဖြင့် ရဲစခန်းတွင် ကိုယ်တိုင်သွားရောက်အဖမ်းခံသင့်သည်ဟု လွတ်လပ်သော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် Ombudsman’s Office က ပြောသည်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီနည်းလမ်းကို ကျင့်သုံးခဲ့ပြီးနောက် ပီရူးနိုင်ငံသည် အခြေခံဥပဒေ ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရကာ အာဏာသိမ်းရန်မှလွဲ၍ တခြားလုပ်ဆောင်စရာ မရှိတော့ဟုလည်း ကြေညာချက် တစ်စောင် တွင်ဖော်ပြသည်။
လွတ်တော်ကိုဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ကတ်စတယ်လို၏ လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းများက လည်း ဝေဖန်ခဲ့သည်။

Source:AP