CNI International News

ဘာလင်၊ ဒီဇင်ဘာ ၈

ကိုယ့်ကိုယ်ကို မင်းသားဟု သတ်မှတ်ထားသူတစ်ဦး၊ အငြိမ်းစား လေထီးတပ်သားနှင့် တရားသူကြီးဟောင်း တစ်ဦးတို့ အပါအဝင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သူ ဒါဇင်ပေါင်းများစွာကို ဂျာမန်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့သည်ဟု AP သတင်းမှ ဖော်ပြခဲ့သည်။

ဖမ်းဆီးခဲ့သည့် သံသယရှိသူများသည် အစိုးရကို အကြမ်းဖက်ဖြုတ်ချရန် စီစဉ်နေသည်ဟု စွပ်စွဲခံထားရသော် လည်း ၎င်းတို့၏ အစီစဉ်များမှာ မည်မျှ ခိုင်မာမှု ရှိနေသည်ဆိုကြောင်းတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အာဏသိမ်းရန် အမှန်တကယ် စီစဉ်နေခြင်း သို့မဟုတ် စိတ်ကူးယဉ် ဇာတ်လမ်းဆင်ခြင်း နှစ်မျိုးစလုံးနှင့်ပတ် သက်၍ အစိုးရရှေ့နေများက သတိပြုမိခဲ့သည်ဟု ဂျာမန်အရာရှိ တစ်ဦးနှင့် လွှတ်တော်အမတ်တစ်ဦးတို့ကပြောသည်။

သို့သော်လည်း ဂျာမန်ရဲတပ်ဖွဲ့က ယခုကဲသို့ လက်ယာစွန်းအဖွဲ့များ၏ ခြိမ်းခြောက်မှုကို အလေးအနက်ထား ဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာမှ နိုင်ငံအနှံ့မှာ စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် ဂျာမနီရဲတပ်ဖွဲ့ စစ်ဆေးနေစဉ် (AP)

လက်ရှိ အခြေအနေများအရ လူစုတစ်စုက ဒီမိုကရေစီအစိုးရကို အကြမ်းဖက် ဖျက်သိမ်းရန်နှင့် လွှတ်တော် အဆောက်အဦကို လက်နက်ကိုင် တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု ဂျာမန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် ထိုလူစုတွင် အစီအစဉ်သာရှိခဲ့ပြီး တစ်စုံတစ်ရာ လုပ်နိုင်စွမ်းမရှိကြောင်းလည်း လွှတ်တော်အမတ်တစ်ဦး က ပြောသည်။

အခြေအနေ အမှန်များကို သိလာချိန်မှာ ထိုလူစုသည် အာဏာသိမ်းမှုကို အမှန်တကယ် လုပ်ဆောင်နိုင်ဖို့အထိ ထူးချွန်နေမလားဆိုတာ သံသယဝင်လာပါသည်။ သို့သော်လည်း ၎င်းတို့၏ အစီအစဉ်များမှာ အန္တရာယ်ရှိသည်ဟု လွှတ်တော်အမတ် ဆာရာနန်နီ (Sara Nanni) က ပြောသည်။

ဖမ်းဆီခံခဲ့ရသူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် Reich Citizens လှုပ်ရှားမှုများမှ ဇာတ်လမ်းများ အပါအဝင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လျှို့ဝှက်ကြံစည်မှုများနှင့် QAnon ideology ဟုခေါ်သော အမေရိကန် ဘက်မှလာသည့် နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်ကြံစည်မှုများကို ယုံကြည်ကြသူများ ဖြစ်သည်ဟု ဖက်ဒရယ်အစိုးရ ရှေ့နေတစ်ဦးက ပြောသည်။

Reich Citizens လှုပ်ရှားမှုသည် ဂျာမနီနိုင်ငံ၏ စစ်နှောင်းကာလ အခြေခံဥပဒေကို ဆန့်ကျင်သူများဖြစ်ကာ အစိုးရကို ဖြုတ်ချရန် တောင်းဆိုခဲ့ဖူးသည်။ Reich Citizens လှုပ်ရှားမှုကို ဂျာမနီထောက်လှမ်းရေးအဖွဲ့က ၂၀၁၆ ခုနှစ်ကတည်းက စောင့်ကြည့်နေခဲ့ပြီး ၎င်းကိုလက်ခံသူပေါင်း ၂ သောင်းကျော်လောက် ရှိသည်ဟုလည်း သိရသည်။

အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် ဂျာမနီရဲတပ်ဖွဲ့ စစ်ဆေးနေစဉ် (AP)

ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံခဲ့ရသူများထဲမှ တစ်ဦးမှာ ရုစ်မင်းသား ဟင်းရစ် ၁၃ ဖြစ်သည်။ အသက် ၇၁ နှစ်အရွယ် မင်းသားသည် ဂျာမနီတွင် တော်ဝင်မိသားစုများနှင့် ပတ်သက်မှုသည်များကို ဖျက်သိမ်းလိုက်သည့်တိုင် အဆိုပါ အမည်နာမ်မကို ဆက်လက် သုံးစွဲနေသူဖြစ်သည်။

၎င်းသည် Reich Citizens အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ဂျာမနီအစိုးရရှေ့နေများ၏ ပြောဆိုချက်အရ ရုစ်သည် နိုင်ငံတွင်း ခေါင်းဆောင်သစ် တင်ရန် ကြံစည်နေသူဖြစ်ပြီး အစိုးရပြုတ်ကျသွားချိန်တွင် နိုင်ငံတွင်း အုပ်ချုပ်မှုပုံစံသစ်တစ်ခု ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားအရာရှိ များကိုပါ ဆက်သွယ်ခဲ့သည်ဟု သိရသည်။

သို့သော် ရုရှားဘက်မှ ထိုဆက်သွယ်မှုကို တုန့်ပြန်ခဲ့သည့် အနေအထားမျိုးကိုတော့ မတွေ့ရပေ။