CNI International News

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၂ ရက် (ယနေ့) နှင့် ၁၃ ရက်တို့တွင် တက်ရောက်မည်ဖြစ်ကြောင်း မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

လာဗရော့သည် အဆိုပါထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပြီး နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံမှုများလည်း ပြုလုပ်မည်ဟု သိရသည်။

ထို့နောက် ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပမည့် ကမ္ဘာ့ ထိပ်တန်းစက်မှုနိုင်ငံများ (G-20) ထိပ်သီးအစည်းဝေးသို့ ရုရှားကိုယ်စားလှယ်အဖွဲ့၏အကြီးအကဲအဖြစ် ဆက်လက်တက်ရောက်မည်ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့(ဓါတ်ပုံ-TASS)

အရှေ့အာရှထိပ်သီးအစည်းအဝေး၏မူဘောင်အတွင်း အာရှ-ပစိဖိတ်ဒေသတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ ကို ရုရှားဘက်မှ အသေးစိတ်ဆွေးနွေးရန် ရည်ရွယ်ထားသည်။

ထိုသို့ဆွေးနွေးရာ၌ အဓိကအချက်များမှာ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် ဒေသတွင်း နိုင်ငံ ဖြတ်ကျော်ဆက်ဆံရေးစနစ်၏ ချိန်ခွင်လျှာကို ကမောက်ကမဖြစ်စေရန် ကြိုးပမ်းနေကြောင်း၊ အာရှဒေသကို ကျဉ်းမြောင်းသော ထိပ်တိုက်ရင်ဆိုင်မှုပြဿနာများ ၎င်းတို့ဆောင်ကြဉ်းနေကြောင်း၊ အစုအဖွဲ့လိုက် လွှမ်းမိုး ချုပ်ကိုင်သည့် ယန္တရားများ သုံးစွဲနေကြောင်း စသည်ဖြင့် ချပြဆွေးနွေးရန်ဖြစ်သည်ဟု မော်စကိုအစိုးရ၏အဆိုအရ သိရသည်။

AUKUS (ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်)အပါအဝင် အမေရိကန်၏မဟာမိတ်များ၏ အာရှဒေသရှိ အလားအလာနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) စစ်ရေးနည်းပညာတည်ဆောက်မှုတို့ကိုလည်း အန္တရာယ်ရှိသော လမ်းကြောင်းအဖြစ် ရုရှားက ချပြဆွေးနွေးသွားမည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်သည် နေတိုး၏ ကာကွယ်ရေးမျဉ်းဖြစ်လာမည်ဟု လာဗရော့က ယခင်ကပင် ထပ်ခါ တလဲလဲ အလေးပေးပြောကြားခဲ့ပြီးဖြစ်သည်။

Source: တာ့စ်သတင်းဌာန