- By CNI
- Category: နိုင်ငံရေး
- Hits: 894
CNI International News
ဆစ်ဒနီ၊ မေလ ၁၈
လာမည့် သီတင်းပတ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့တွင် တွေ့ဆုံမည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန် တို့မှ ခေါင်းဆောင်များ၏ Quad(ကွက်စ်) ညီလာခံကို ဖျက်သိမ်းခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြသည်။
အမေရိကန်သမ္မတ၏ အာရှခရီးစဉ်ကို လျှော့ချလိုက်ခြင်းကြောင့် ဖြစ်သည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ (Anthony Albanese) က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
ဂျပန်နှင့် တွေ့ဆုံဆွေးနွေးပွဲများကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဘိုင်ဒန်သည် မေလ ၂၄ ရက်တွင် အယ်ဘာနက်ဆီ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို (Fumio) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ တရားဝင် မဟုတ်သော ဆွေးနွေးပွဲမျိုး ကျင်းပသွားရန် ဖြစ်သည်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကို တွေ့ရစဉ်
အနားကပ်မှ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဘိုင်ဒန်၏ ပါပူးအာ နယူးဂီနီ (Papua New Guinea) ၏ ခရီးစဉ်လည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်သည်။
ထိုခရီးစဉ်များသည် တရုတ်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ပစိဖိတ်ဒေသနှင့် လုံခြုံရေးဆိုင်ရာ အဆက် အသွယ်များကို မြှင့်တင်ရန် အမေရိကန်ဘက်က ကြိုးပမ်းခြင်း ဖြစ်သည်။
သို့သော် အမေရိကန်၏ ပြည်တွင်း နိုင်ငံရေးအခြေအနေက အမေရိကန်သမ္မတ တစ်ဦး၏ အာရှဒေသသို့ အထင်ကရ ခရီးစဉ်အား လျော့ကျစေခဲ့သည်။
ဘိုင်ဒန်၏ မူလအစီအစဉ်သည် အာရှဒေသသို့ တစ်ပတ်ကြာ ခရီးစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ဆစ်ဒနီ ညီလာခံသို့ တက်ရောက်ရန် ပါဝင်သည်။
G-7 ခေါင်းဆောင်များ ညီလာခံအတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမား (Hiroshima) မြို့မှ စတင်မည်ဖြစ်သည်။
ထို့နောက်တွင် ပါပူးအာနယူးဂီနီသို့သွားကာ ပစိဖိတ်ကျွန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဖြစ်သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်
သြစတြေးလျ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း ဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဂျပန်သို့ သွားရောက် မည် ဖြစ်သည်ဟု အိမ်ဖြူတော်က အင်္ဂါနေ့တွင် အတည်ပြုပေးခဲ့သည်။
ဂျပန်သို့ ခေါင်းဆောင် လေးဦးစလုံး သီတင်းပတ် ကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ယင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု အယ်လ်ဘာနက်ဆီက ဗုဒ္ဓဟူးနေ့တွင် ပြောသော်လည်း အချိန်ကိုတော့ အတည်မပြုခဲ့ပေ။ Quad သည် အရေးပါသော အဖွဲ့ဖြစ်ကြောင်း၊ ယင်းသည် ခေါင်းဆောင်အဆင့်တွင် ပေါ်ပေါက်လာသည်ကို သေချာ စေလိုကြောင်း၊ သီတင်းပတ်ကုန်ပိုင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ခေါင်းဆောင်က ပြောသည်။
ဂျပန် တွေ့ဆုံပွဲသည် Quad အဖွဲ့ခေါင်းဆောင်များ၏ တတိယမြောက် လူချင်းတွေ့ဆုံမှု ဖြစ်လာမည်လည်း ဖြစ်သည်။
Quad အဖွဲ့ကို လွန်ခဲ့သော ၁၅ နှစ်ကျော် ကတည်းက တည်ထောင်ထားခဲ့သော်လည်း ယင်းသည် နောက်ပိုင်း နှစ်များတွင် ပို၍ ထင်ရှားလာခဲ့သည်။
တွေ့ဆုံပွဲတွင် ခေါင်းဆောင်များသည် နည်းပညာပိုင်းမှစ၍ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ပြီးခဲ့သည့်နှစ် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြ ခဲ့ဖူးသည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1142
CNI International News
ကိုင်ရို၊ မေလ ၁၇
လစ်ဗျားအစိုးရနှစ်ခုမှ တစ်ခုသည် ၎င်းတို့၏ ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရန်၊ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အင်္ဂါနေ့တွင် မဲပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်သည် အစိုးရ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု စွပ်စွဲခံထားရသည်။
အောက်လွှတ်တော်ဟု ထင်ရှားသော လစ်ဗျားအရှေ့ပိုင်း အခြေစိုက် လွှတ်တော်တွင် ဖာသီ ဘာရှက်ဂါ (Fathi Bashagha) က ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဖာသီဘာရှက်ဂါသည် တိုဘရက် ( Tobruk) တွင် လုပ်ငန်း ဆောင်ရွက်သည်။
အင်္ဂါနေ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်သည် မကြာခင် အချိန်တွင် တရားဝင်ကြေညာချက် တစ်စောင် ထုတ်ပြန်သွားမည်ဟု ဘာရှက်ဂါ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
AP က ရရှိထားသော ကြေညာချက် တစ်စောင်တွင် လွှတ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလာ ဘယ်ဟစ် (Abdullah Belhaiq) က ဘာရှက်ဂါသည် ပြိုင်ဘက်အစိုးရ အခြေစိုက်ရာ မြို့တော် ထရိုပိုလီ (Tripoli)သို့ ဝင် ရောက်ရေး အစိုးရ၏ကတိကို တည်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဝေဖန်ထားသည်။
ဘာရှက်ဂါသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်ကာ ပြီးခဲ့သည့် မေလ၌ အစိုးရအား မြို့တော်တွင် အခြေစိုက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ထရိုပိုလီသို့ ရောက်ရှိခဲ့သည်။

ပြိုင်ဘက် ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ကို တွေ့ရစဉ်
သို့သော် ပြိုင်ဘက် လက်နက်ကိုင်များအကြား ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကြောင့် မကြာခင်မှာပင် ဆာတီ (Sirte) သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
၂၀၀၁ ခုနှစ်မှ စတင်ခဲ့သည့် ပြည်တွင်းစစ်ဒဏ်သင့် လစ်ဗျားတွင် အစိုးရနှစ်ရပ်ရှိသည်။ တစ်ခုချင်းစီကို နိုင်ငံတကာ ထောက်ပံ့သူများနှင့် မြေပြင် လက်နက်ကိုင်အဖွဲ့ အသီးသီးက ထောက်ခံကြသည်။
ထရိုပီလီ အခြေစိုက်လစ်ဗျား အစိုးရကို ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ (Abdul Hamid Dbeibah) က ဦးဆောင်သည်။
ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ အောက်လွှတ်တော် အမတ်တစ်ဦးက မကြာခဏ မေးလေ့ ရှိသည်ဟု ဘယ်ဟစ်က ပြောသည်။
သို့သော် ဘာရှက်ဂါ၏ တရားသော စွပ်စွဲခံရမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။
အောက်လွှတ်တော်၏ ဘဏ္ဍာရေးဝန်ကြီး အိုစမန် ဟာမာဒါ (Osama Hamada)က ဝန်ကြီးချုပ် တာဝန်ကို လွဲပြောင်းရယူသွားမည်ဟုလည်း ၎င်းကပြောသည်။
ဝန်ကြီးချုပ် ဘာရှက်ဂါက ၎င်း၏ တာဝန်များကို လက်ထောက်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးနေသည်ဟု အင်္ဂါနေ့ အစောပိုင်းတွင် လွှတ်တော်၌ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မဖော်ပြထားပေ။
ဝန်ကြီးချုပ်သည် ခါလီဖာဟစ်ဖ်တာ (Khalifa Hifter) အတွက် အသုံးမဝင်တော့ခြင်းကြောင့် ယခုကဲ့သို့ ရာထူးမှ ရပ်ဆိုင်းခံရခြင်းဟု လစ်ဗျားအရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

လစ်ဗျားအတွက် အလံကို လွှင့်ထူနေစဉ်
ခါလီဖာဟစ်ဖ်တာသည် လစ်ဗျား အမျိုးသားစစ်တပ်ပုံစံ လက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူးဖြစ်ကာ ၎င်းတို့သည် နိုင်ငံ၏ အရှေ့နှင့်တောင်ပိုင်းမှ လက်နက်ကိုင် တပ်ဖွဲ့များကို လွှမ်းမိုးထားသည်။
ဟစ်ဖ်တာနှင့် သူ၏မိသားစုတို့သည် ထရိုပိုလီတွင် ပိုမိုလွှမ်းမိုးမှု ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိပြီး အနောက် ဘက် အခြေစိုက်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပုံမှန်လုပ်ဆောင်လေ့ ရှိသူ ဖြစ်သည်။
လစ်ဗျားအရေးဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်က ၂၀၂၃ ခုနှစ် မကုန်ခင် နိုင်ငံတွင်း၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်သည့် ဆောင်ရွက်ချက် အသစ်တစ်ခုကို ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထိုအစီအစဉ်တွင် လွှတ်တော်နှစ်ရပ် စလုံးသည် ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲဥပဒေ ရေးဆွဲရေး ပူးတွဲကော်မတီ တစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် တိုးတက်မှုများမှာ နှေးကွေးလျက်ရှိသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1367
CNI International News
ဘေဂျင်း၊ မေလ ၁၇
အမေရိကန်မှ ဝယ်ယူထားသော လက်နက်များဖြင့် တရုတ်ပြည်မကြီးမှ ခွဲထွက်မည့် ထိုင်ဝမ် ခွဲထွက်ရေးသမားများ ၏ ကြိုးပမ်းမှုတိုင်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဖယ်ရှားသွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တန်ကီဖိန်(Tan Kefei)က အင်္ဂါနေ့တွင် ပြောသည်ဟု တာ့စ် သတင်းမှ ဖော်ပြ ခဲ့သည်။
PLA ၏ စစ်ပြင်ဆင်မှုများကိုလည်း အရှိန်မြှင့်တင်သွားမည်ဟု ၎င်းက ပြောသည်။
ထိုင်ဝမ်သို့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ လက်နက်များ ထောက်ပံ့ပေးမည့် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်၍ စကားပြောဆိုရာတွင် တန်က PLA သည် စစ်ပြင်ဆင်မှုအဖြစ် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထိုင်ဝမ် လွတ်လပ်ရေးဟုခေါ်သော ခွဲထွက်ရေးသမားများ၏ အစီအစဉ်များနှင့် ပြင်ပနိုင်ငံများ၏ ဝင်ရောက် စွက်ဖက်မှုတိုင်းကို ဖယ်ရှားရှင်းလင်း သွားမည်ဟုလည်း ၎င်းက ပြောသည်။
တရုတ်စစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတိုင်းကို ခိုင်မာစွာ ကာကွယ်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထပ်မံပြောခဲ့သည်။

တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တန်ကီဖိန်ကိုတွေ့ရစဉ်
အမေရိကန် လက်နက်များဖြင့် ပြည်မကြီးမှ ခွဲထွက်ရန် ကြိုးပမ်းမှုသည် လမ်းဆုံးသို့ ရောက်ရှိသွားစေနိုင်သည်ဟု ထိုင်ဝမ်အာဏာရပါတီနှင့် ခွဲထွက်ရေး သမားများကို သတိပေးလိုကြောင်း တိုင်က ပြောသည်။
ထိုင်ဝမ်အရေးကို တရုတ်-အမေရိကန် ဆက်ဆံရေး၏ နောက်ဆုံး မျဉ်းအဖြစ် သတ်မှတ်ထားသည်။
ထို့ကြောင့် ထိုမျဉ်းကို မဖြတ်ကျော်သင့်ကြောင်းလည်း တန်က ပြောသည်။
အမေရိကန်သမ္မတ ဘိုင်ဒန် (Biden) ၏ ညွှန်ကြားမှုဖြင့် အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ လက်နက်များ ထောက်ပံ့ရန် အဆင်သင့် ရှိနေကြောင်း၊ ယူကရိန်းသို့ လက်နက် ထောက်ပံ့ သကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်ကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း ယခုလ အစောပိုင်း Bloomberg သတင်းက ဖော်ပြ ခဲ့သည်။
၂၀၂၃ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေအရ အမေရိကန်သမ္မတသည် ထိုင်ဝမ်သို့ ဒေါ်လာ တစ်ဘီလီယံဖိုး စစ်ဘက် အထောက်အပံ့များ သုံးစွဲထောက်ပံ့ပေးခွင့် ရှိသည်။

ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်
အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ကာ တရုတ်နှင့်ဆက်ဆံရေး စတင်ခဲ့သည်။
တရုတ်တစ်နိုင်ငံတည်း (One China) မူဝါဒကို အသိအမှတ် ပြုထားသော်လည်း အမေရိကန်သည် ထိုင်ဝမ်အစိုးရ နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ခဲ့ကာ လက်နက်များလည်း ထောက်ပံ့ပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ထိုစဉ်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ထိုင်ဝမ်သို့ လာရောက် လည်ပတ်ခဲ့ပြီးနောက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1086
CNI International News
ဘန်ကောက်၊ မေလ ၁၇
ညွှန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့စည်းရန် ရွေးကောက်ပွဲတွင် တတိယနေရာ ရရှိခဲ့သော Bhumjaithai ပါတီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသည့် မီဒီယာများ၏ ခန့်မှန်းပြောဆိုမှုကို ဖြူးထိုင်း(Pheu Thai) ပါတီက ငြင်းဆိုခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ ခန့်မှန်း ပြောဆိုမှုများသည် အခြေအမြစ်မရှိကြောင်း ပါတီ၏ ဒုတိယခေါင်းဆောင် ဆူတင် ကလောင်ဆန် (Sutin Klungsang) က အခိုင်အမာ ပြောဆိုခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပါတီသည် ရွေးကောက်ပွဲ အကြိုကာလကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ အစီအစဉ်မျိုးရှိကာ လုပ်ဆောင်ခဲ့မည်ဆိုလျှင် ပြည်သူများအနေဖြင့် ယင်းကို လက်ခံလိမ့်မည် မဟုတ်ဟု လည်း ဆူတင်ကလောင်ဆန်က ပြောသည်။
ဖြူးထိုင်းပါတီအနေဖြင့် အစိုးရသစ် ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့် ရှိသည်ဟု ပြည်သူများက လက်ခံထားသော ပါတီ ဖြင့်သာ လက်တွဲ ဆောင်ရွက်သွားလိုသည်ဟု ဆူတင်က ပြောသည်။
ယင်းက တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သော Move Forward ပါတီ (MFP) အား ရည်ညွှန်း ပြောဆို ခြင်းလည်း ဖြစ်သည်။

ထိုင်းရွေးကောက်ပွဲ ရလဒ်ကိုတွေ့ရစဉ်
ညွှန့်ပေါင်း မဟာမိတ်ဖွဲ့စည်းရေးအတွက် MFP ဘက်ကလည်း ဖြူးထိုင်းပါတီအား ချဉ်းကပ်လျက် ရှိသည်။
အစိုးရသစ်သည် လာမယ့် ရက် ၃၀ အတွင်း ရုပ်လုံးပေါ်လာကာ နှစ်လအတွင်း စတင်လည်ပတ် နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်းလည်း ဆူတင်က ပြောသည်။
ပါတီကြီးများ အနေဖြင့် အစိုးရဖွဲ့စည်းရန် တခြားပါတီများထံမှ လုံလောက်သော ထောက်ခံမှု မရရှိခဲ့လျှင် ၎င်းတို့ အနေဖြင့် အတိုက်အခံအဖြစ်သာ အဆုံးသတ် သွားနိုင်သည်ဆိုသည့် လွှတ်တော်အမတ် ဝမ်ချိုင်း ဆွန်သီရိ (Wanchai Sornsiri) ၏ ပြောစကားနှင် ပတ်သက်၍လည်း ဆူတင်က စိုးရိမ်မှုမရှိကြောင်း ပြောခဲ့သည်။
ထိုကဲ့သို့သော ကိစ္စမျိုးသည် ဖြစ်လာနိုင်ခြေရှိသော်လည်း လွှတ်တော် အမတ်များအနေဖြင့် လွှတ်တော်အတွင်း ဝန်ကြီးချုပ်ကို ရွေးချယ်ရေး ပြည်သူများ၏ လုပ်ပိုင်ခွင့်ကို လေးစားမှု ရှိရမည်ဟု ၎င်းက ပြောသည်။
ယခင် ရွေးကောက်ပွဲများမှ သင်ခန်းစာ ယူရမည်ဟုလည်း ၎င်းက ပြောသည်။
Bhumjaithai ပါတီကိုတွေ့ရစဉ်
၂၀၁၉ ရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီသည် လွှတ်တော်အမတ် နေရာ အများစုကို အနိုင်ရရှိခဲ့သော်လည်း တခြား ပါတီများ၏ ထောက်ခံကို အပြည့်အဝ ရရှိခဲ့သည့် Palang Pracharath ပါတီကသာလျှင် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်း ကာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။
သို့သော် ပါတီကြီးများအနေဖြင့် အစိုးရဖွဲ့စည်းရန် ပူးပေါင်းသော်လည်း တခြားပါတီများထံမှ လုံလောက်သော ထောက်ခံမှု မရရှိခဲ့လျှင် အခြေအနေသည် တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည်ဟု ဆူတင်က ဝန်ခံသည်။
တစ်ဖက်တွင်လည်း Bhumjaithai ပါတီက ၎င်းတို့ အနေဖြင့် အနိုင်ရရှိခဲ့သော ပါတီကို ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်း စေခြင်းဖြင့် ပါတီ၏ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောဆိုကြောင်း အင်္ဂါနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်း၌ ပါတီခေါင်းဆောင်သည် အစိုးရသစ် ဖွဲ့စည်းရေးအတွက် သတင်းထောက်များနှင့် အင်တာဗျူး ပြုလုပ်ခဲ့ သည်ဆိုသော ခန့်မှန်း ပြောဆိုမှုများကိုပါ ငြင်းဆိုထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ နေရာအများစုတွင် အနိုင်ရရှိခဲ့မှုသည် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် Move Forward နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးပါဝင်သည့် ဖြူးထိုင်းပါတီတို့ နေရာအများစုတွင် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပါတီနှစ်ရပ်စလုံးမှ ခေါင်းဆောင်များသည် အလုပ်သမားအရေးနှင့် လုပ်ခလစာတိုးမြှင့်ပေးရေးအား မဲဆွယ်စည်းရုံးရေးကာလတွင် ဦးစားပေးပြောဆိုထားသည့်အတွက် ရွှေ့ပြောင်းလုပ်သားများအတွက် မူဝါဒများအား ယခင် စစ်အစိုးရထက် ပိုမိုကောင်းမွန်အောင် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီအထဲမှာ သီးသန့်အားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ မူဝါဒ၊ ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ဖို့ကိစ္စကို တချို့ပါတီတွေဆိုရင် ထည့်ပြီးတော့ ပြောတာမျိုးတွေ ရှိတယ်။ ဆိုတော့ သူတို့အနေနဲ့ အတိုက် အခံပါတီတွေအနေနဲ့ အခုလို အနိုင်ရရှိပြီးတော့ အစိုးရဖွဲ့နိုင်တယ်ဆိုရင် ဘာပဲပြောပြော ရွှေ့ပြောင်းအလုပ်သမား တွေအတွက် ပိုမိုကောင်းမွန်တဲ့ မူဝါဒ ချမှတ်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ နောက်အရေးကြီးတာ တစ်ခုက အလုပ်သမားသမဂ္ဂနဲ့ပတ်သက်တဲ့ကိစ္စပေါ့။ ILO ရဲ့ article ၉၈ ဆိုတဲ့ ဥစ္စာရှိတယ်။ ထိုင်းက လက်မှတ် မထိုးထားဘူး။ သူတို့လက်မှတ်မထိုးထားတော့ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သမဂ္ဂဖွဲ့ခွင့်တို့မှာ အကန့်အသတ်တွေရှိတယ်။ အသင်းအဖွဲ့ဖွဲ့စည်းပြီးတော့ စုပေါင်းပြီးတော့ အလုပ်ရှင်တွေ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုတဲ့အပိုင်း ကျနော်တို့မှာ တရားဝင်လုပ်လို့မရဘူး။ အဲဒါကို အစိုးရသစ်တက်လာလို့ ဒီဟာတွေကို လက်မှတ်ထိုးမယ်။ ဒီမူဝါဒတွေကို အစိုးရက လိုက်လုပ်မယ်ဆိုရင် သမဂ္ဂတို့ ဒီ institution ဒါတွေ လုပ်လို့ရတယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရော အလုပ်သမားတွေအတွက်ရော ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

အတိုက်အခံပါတီတစ်ခုဖြစ်သည့် Move Forward ပါတီခေါင်းဆောင်(ဓါတ်ပုံ-Getty Images)
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သကဲ့သို့ တရားဝင် မြန်မာလုပ်သား ၇ သန်းခန့်နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့်အပြင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သူဦးရေမှာလည်း အများအပြားရှိသည်။
သို့သော် အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခလစာအား ဘတ် ၄၀၀ ကျော်သို့ တိုးမြှင့်ပေးခဲ့သည်ရှိသော် ထိုင်းနိုင်ငံရှိ အသေးစားလုပ်ငန်းရှင်များတွင် သက်ရောက်မှုဖြစ်နိုင်သည့်အတွက် မည်ကဲ့သို့ လုပ်ဆောင်မည်အား စောင့်ကြည့်ရမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။
ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းရာတွင် မဲခွဲဆုံးဖြတ်ရမည် ဖြစ်သည့်အတွက် Move Forward ပါတီသည် အဓိက အနိုင်ရပါတီဖြစ်သော်လည်း ခေါင်းဆောင်ဖြစ်သူ ပီတာလင်ဂျာရိုရန်ရတ်၏ ဘုရင်စနစ် အပေါ်ထားရှိသည့် သဘောထားကြောင့် ဝန်ကြီးချုပ်ဖြစ်ရန်မှာ မလွယ်ကူလှကြောင်းလည်း သုံးသပ်မှုများရှိသည်။
ထို့ကြောင့် လက်ရှိအနေအထားရ ထိုင်းဝန်ကြီးချုပ် မည်သူ မည်ဝါဖြစ်မည်အား အတိအကျ ပြော၍ မရသေး သော်လည်း အတိုက်အခံပါတီများ အစိုးရဖြစ်လာပါက ရွှေ့ပြောင်းအလုပ်သမားများအတွက် အလားအလာ ကောင်းများ ပိုမိုဖြစ်လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဖြူးထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး(ဓါတ်ပုံ-Gettym Images)
“ဒီပါတီဟာ အနိုင်ရခဲ့တာဖြစ်တဲ့အတွက် အလုပ်သမားအရေး side နဲ့ပြောရင်တော့ ကြိုဆိုတယ်။ သူအာဏာရ လာရင် သူလုပ်ပိုင်ခွင့်ရှိလာရင် သေချာပါတယ်။ အလုံးစုံမကောင်းနိုင်ဘူးဆိုရင်တောင်မှ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားအတွက် သူတို့ တစ်စုံတစ်ရာ အကောင်းဆုံးဖြစ်အောင်၊ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် အောင် သူတို့လုပ်လိမ့်မယ်ဆိုတာကို ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ရခဲ့တဲ့ အတွေ့အကြုံနဲ့ ထိုင်းရဲ့ အခြေ အနေနဲ့ ထိုင်းရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်တဲ့အခါကျရင် ထိုင်းမှာ အာဏာသိမ်းခဲ့တာ ၁၀ ကြိမ် ကျော်သွားပြီ ပေါ့နော်။ ဒီအာဏာသိမ်းခြင်းဟာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကာလကြီးမှာ ခေတ်ကြီးမှာပေါ့ အာဏာ သိမ်းပြီးတော့ ၈ နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ ဒီစစ်တပ်ကို ယုံလို့မရသေးဘူးပေါ့။ အချိန်မရွေးလည်း ဖြစ်လာနိုင် တယ်။ ဒါပေမယ့် သေချာတာတစ်ခုက ထိုင်းသည် ဘယ်အစိုးရပဲတက်တက် သူတို့က စီးပွားရေးကို နံပါတ်တစ် ထားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ပြဿနာပေါင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင် ထိုင်းသည် ကျနော်တို့ နိုင်ငံကဲ့သို့ စီးပွားရေး ချွတ်ခြုံကျသွားစရာအကြောင်းမရှိသလို ထိုင်းစစ်တပ်သည် အာဏာသိမ်းခဲ့တဲ့ အစဉ် အလာတစ်လျှောက်မှာလည်း သူ့ပြည်သူတွေကို မတရားသတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာမျိုးတွေ လုပ်ခဲ့တာ အင်မတန်နည်းတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းတွင် အစိုးရဖွဲ့စည်းရာ၌ လွှတ်တော်အမတ်နေရာ ၃၇၆ နေရာရှိသည့်အတွက် နေရာအများစု အနိုင်ရထား သည့် Move Forward နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးပါဝင်သည့် ဖြူးထိုင်းပါတီတို့ ပူးပေါင်းခဲ့သည် ရှိသော် လွှတ်တော်အမတ်နေရာ ၃၇၆ နေရာ မပြည့်သောကြောင့် နေရာပြည့်ရန်အတွက် အခြားပါတီများဖြင့်ပါ ပူးပေါင်းရမည်ဖြစ်သည်။
ထို့ကြောင့် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းရာတွင် မည်သို့သော အနေအထား ဖြစ်လာမည်အား စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1095
CNI International News
ဘန်ကောက်၊ မေလ ၁၇
မကြာခင် သက်တမ်း ကုန်ဆုံးတော့မည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် သူ၏ နိုင်ငံရေးအနာဂတ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ၎င်းသည် အိမ်စောင့်အစိုးရ အစည်းအဝေး တစ်ရပ်ကို အင်္ဂါနေ့၌ ဦးဆောင် ကျင်းပခဲ့သည်။
နိုင်ငံရေးလောကမှ အနားယူမည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ပရာယွတ်က ပြုံးရယ်ကာ မပြောလိုကြောင်း ဖြေကြားခဲ့သည်။
နိုင်ငံရေးလောကအတွင်း ဆက်ရှိကာ United Thai Nation ပါတီတွင် ဆက်ရှိနေမလားဟူသော သတင်းထောက် များ၏ အမေးကိုလည်း ၎င်းက နှုတ်ခမ်းကို ခပ်တင်းတင်းစိကာ နှုတ်ဆိတ်နေခဲ့သည်။
ယခင်က အတိုက်အခံပါတီ တစ်ခုဖြစ်သော ဖြူးထိုင်း (Pheu Thai) ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် နေရာ အများဆုံး အနိုင်ရရှိခဲ့သော Move Forward ပါတီအား ပိတ်ဆို့ရန်အတွက် ယခင်အစိုးရဟောင်းမှ ပါတီများဖြင့် လက်တွဲသွားဖွယ် ရှိ/မရှိ မေးမြန်းခဲ့ရာတွင်လည်း ၎င်းက ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

Move Forward ပါတီခေါင်းဆောင်နဲ့ ပါတီ၀င်များကိုတွေ့ရစဉ်
အင်္ဂါနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှ ပြန်လည် ထွက်ခွာလာစဉ်တွင် ဝန်ကြီးချုပ်ပရာယွတ်က သတင်းထောက် များ၊ ပြည်သူများနှင့် တွေ့ဆုံကာ ၎င်းတို့အစိုးရအနေဖြင့် တာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရသစ် ဖွဲ့စည်းရေးတွင် အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းနှင့် ၎င်း၏ အစိုးရတို့အပေါ် ထောက်ခံခဲ့သူများကိုလည်း ကျေးဇူးတင်ကြောင်း ပရာယွတ်က ပြောသည်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သည့် နိုင်ငံရေးပါတီများအတွက် ဂုဏ်ယူကြောင်းလည်း ပရာယွတ်က ပြောသည်။
အစိုးရသစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ပျော်ရွှင်နေကြောင်း ဝန်ကြီးချုပ်က ပြောကာ ပဋိပက္ခ ဖြစ်ပွားမှု မရှိဘဲ နိုင်ငံတွင်း တည်ငြိမ်မှု၊ စည်းလုံးမှုကို မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံရေးတိုးတက်ဖို့ ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံသားများကို တိုက်တွန်းလိုသည်ဟုလည်း ပရာယွတ်၏ ပြောဆိုမှုတွင် ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားတဲ့ ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်
အင်္ဂါနေ့ အစိုးရအဖွဲ့ အစည်းဝေးကို ဝန်ကြီး ၁၃ ဦးလည်း ပျက်ကွက်ခဲ့သည်ဟု သိရသည်။
United Thai Nation သည် ပရာယွတ်က ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားကာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အဆင့် ၅ နေရာတွင် ရပ်တည်ခဲ့သည်။
ထို့ကြောင့် လွှတ်တော်တွင်း ၃၆ နေရာ ကိုသာ အနိုင်ရရှိခဲ့သည်။
ထိုအရေအတွက်က Move Forward ပါတီ၏ ၁၅၂ နေရာ၊ ဖြူးထိုင်း၏ ၁၄၁ နေရာတို့နှင့် ယှဉ်လျှင် များစွာ လျော့နည်းသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 896
CNI International News
မင့်ခ်၊ မေလ ၁၆
ပြီးခဲ့သည့် အင်္ဂါနေ့ကတည်းက လူမြင်ကွင်းမှ ပျောက်နေသော ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် တနင်္ဂနွေနေ့က မြို့တော် မင့်ခ် (Minsk)တွင် ကျင်းပခဲ့သော အခမ်းအနား တစ်ခု သို့ပါ တက်ရောက်ခဲ့ခြင်း မရှိသောကြောင့် ၎င်းသည် အပြင်းအထန် နာမကျန်း ဖြစ်နေသည် ဆိုသည့် ခန့်မှန်းမှုများ ပေါ်ထွက်လာခဲ့သည်။
ဆိုဗီယက်အလံဟောင်းအား သစ္စာခံကြောင်း ကျိမ်ဆိုသည့် နှစ်ပတ်လည် အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ် ရိုမန် ဂိုလိုချန်ကိုက သမ္မတ၏ အမှာစကားကို ဖတ်ကြားခဲ့သည်ဟု နိုင်ငံပိုင် BelTA တွင် ဖော်ပြသည်။
လူကာရှန်ကိုသည် နာမကျန်း ဖြစ်နေပုံရကာ မော်စကိုတွင် ပြုလုပ်ခဲ့သော ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲ အခမ်း အနား တစ်ချို့ကိုလည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
လူကာရှန်ကို ငါးရက်ကြာ ပျောက်ကွယ်နေခြင်းနှင့် ပတ်သက်၍ BelTA သတင်းတွင် တစ်စုံတစ်ရာ မဖော်ပြ ထားပေ။
လူကာရှန်ကိုသည် မင့်ခ်မြို့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့သည့်တိုင် စကားပြောဆိုခြင်းခဲ့လည်း မရှိပေ။
ထိုအခမ်းအနားတွင် ၎င်းကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရခြင်း ဖြစ်သည်။
လက်ရှိ အချိန်အထိ သမ္မတ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍လည်း သမ္မတရုံးဘက်မှ တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုထားသည်။

လူကာရှန်ကိုနဲ့ ပူတင်ကို တွေ့ရစဉ်
လူကာရှန်ကိုသည် စနေနေ့တွင် မင့်ခ်မြို့ရှိ နာမည်ကျော် ဆေးခန်းတစ်ခုသို့ ရောက်ရှိခဲ့သည်ဟု အတိုက်အခံ သတင်းမီဒီယာ Euroradio တွင် ဖော်ပြသည်။
လူကာရှန်ကိုသည် သာမန် အဖျားရောဂါကို ခံစားနေရကြောင်းနှင့် ၎င်းသည် အနားယူဖို့ လိုအပ်ကြောင်း ဘယ်လာရုစ် လွှတ်တော်အမတ် တစ်ဦး၏ ပြောစကားကို ကိုးကား၍ ရုရှားမီဒီယာတစ်ခုက ဖော်ပြသည်။
ရုရှား၏ Kommersant သတင်းတွင် လူကာရှန်ကို၏ ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းကို တင်ခဲ့ပြီး ယင်း က ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ရုရှားမီဒီယာများသည် ရုရှားနှင့် အိမ်နီးချင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းများကို ဖော်ပြလေ့ မရှိပေ။
အသက် ၆၈ နှစ်အရွယ် လူကာရှန်ကိုသည် ဘယ်လာရုစ်အား ၁၉၉၄ ခုနှစ် ကတည်းက အုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ သတင်းမီဒီယာများကို ဖိနှိပ်ခြင်း၊ ဆန္ဒပြသူများကို ဖြိုခွဲခြင်း၊ အတိုက်အခံများကို ကာလရှည် ပြစ်ဒဏ်ချမှတ်ခြင်း များ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
လူကာရှန်ကိုသည် ရုရှားခေါင်းဆောင် ပူတင်၏ ထောက်ခံမှုကို ရရှိထားသူဖြစ်ကာ ပြီးခဲ့သည့် နှစ်တွင်လည်း ယူကရိန်းစစ်ပွဲအတွက် ဘယ်လာရုစ် နယ်မြေများကို ရုရှားသို့ အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1409
CNI International News
ဖနွမ်းပင်၊ မေလ ၁၆
ကမ္ဘောဒီးယားနိုင်ငံ၏ ကာလရှည် ခေါင်းဆောင် ဟွန်ဆန် (Hun Sen) အား အဓိကစိန်ခေါ်နိုင်သူ နိုင်ငံ၏ အတိုက် အခံပါတီသည် ဇူလိုင်လရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်း တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများသည် မှန်ကန်သော စာရွက်စာတမ်းများ မရှိခြင်းအတွက် အတိုက်အခံ Candlelight ပါတီအား ရွေးကောက်ပွဲဝင်ရန် အဆင့်မမှီဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ကြိုးနီးစနစ်သည် အနှောင့်အယှက် ဖြစ်နိုင်သည်ဟု ပါတီအတွင်းပိုင်းက ကာလအတန်ကြာ ကတည်းက သတိပေးခဲ့ပြီး ဖြစ်သည်။
ယခုကဲ့သို့ ရွေးကောက်ပွဲ မဝင်နိုင်ရန် တားဆီးခြင်းဖြင့် ဟွန်ဆန်သည် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုကို ဒုတိယ အကြိမ်မြောက် ရှင်းလင်းပစ်ခဲ့ခြင်းဟု ဝေဖန်သူများက ထောက်ပြသည်။
၂၀၁၈ ရွေးကောက်ပွဲတွင် ပင်မအတိုက်အခံ ညွှန့်ပေါင်းအဖွဲ့အား ဖျက်သိမ်းခဲ့ပြီးနောက် ဟွန်ဆန်၏ ပြည်သူ့ပါတီ (People’s Party) သည် အမျိုးသားလွှတ်တော်၏ ၁၂၅ နေရာလုံးကို အနိုင်ရရှိခဲ့သည်။
Candlelight သည် ဖျက်သိမ်းခံခဲ့ရသော အတိုက်အခံများမှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Candlelight ပါတီ၏ အတွင်းရေးမှူး ကောင်မွန်နီကာကို တွေ့ရစဉ်
အတိုက်အခံ ပါတီသစ်ကို ပြီးခဲ့သည့်နှစ်တွင်မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယင်းသည် ပြီးခဲ့သည့်နှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် မဲ ၂၂ ရာခိုင်နှုန်းကိုသာ ရရှိခဲ့သော်လည်း ဟွန်ဆန်အတွက် စိန်ခေါ်မှု အရှိဆုံး အတိုက်အခံ အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။
ဟွန်ဆန်သည် ကမ္ဘောဒီးယားကို ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သူ ဖြစ်သည်။
အမျိုးသားရွေးကောက်ပွဲ ကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမည်ဟု Candlelight ပါတီခေါင်းဆောင် များက တနင်္လာနေ့တွင် ပြောသည်။
ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီတွင် အယူခံ ဝင်သွား မည်ဖြစ်ကြောင်း ပါတီ၏အတွင်းရေးမှူး ကောင်မွန်နီကာ (Kong Monika)က ပြောသည်။
ရွေးကောက်ပွဲအတွက် မှတ်ပုံတင် စာရင်းပေးခြင်းတွင် အဟန့်အတားများစွာနှင့် ကြုံတွေ့နေရသည်ဟု အတိုက် အခံ ခေါင်းဆောင်များက ယခုလ အစောပိုင်းကတည်းက ပြောခဲ့သည်။

ရွေးကောက်ပွဲမဲရလဒ်များကို စစ်ဆေးနေစဉ်
၎င်းတို့သည် ယခင်က မရှိခဲ့သော စာရွက်စာတမ်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ရင်ဆိုင်နေရကြောင်း၊ ပြီးခဲ့သည့် နှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ထိုသို့သော သတ်မှတ်ချက်များမရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း လည်း ၎င်းတို့က ပြောသည်။
ကမ္ဘောဒီးယားသည် အာရှဒေသ၏ အဆင်းရဲဆုံး နိုင်ငံများမှ တစ်ခုဖြစ်ပြီး ၅ နှစ်တစ်ကြိမ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသည်။
ကမ္ဘာတွင် သက်တော်အရှည်ဆုံး ခေါင်းဆောင်များမှ တစ်ဦးဖြစ်သည့် ဟွန်ဆန်သည် ကမ္ဘောဒီယားတွင် ၃၈ နှစ်ကြာ အာဏာကို ထိန်းချုပ်ထားသည်။
အသက် ၇၀ အရွယ် ဝန်ကြီးချုပ်သည် လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားသော မှတ်တမ်းများကြောင့် အာဏာရှင် အဖြစ် ရှုမြင်ခံထားရသူဖြစ်ပြီး ၎င်းအနေဖြင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတိုင်းကို ဖယ်ရှားသွားမည့်သူလည်း ဖြစ်သည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 938
CNI International News
အစ္စလာမ္မာဘတ်၊ မေလ ၁၆
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းအား တရားသူကြီးများက မျက်နှာပေးခဲ့သည်ဟုဆို ကာ လက်ရှိ အာဏာရ ညွှန့်ပေါင်းအဖွဲ့ကို ထောက်ခံသူများက ပါကစ္စတန်ဗဟိုတရားရုံး အပြင်ဘက်တွင် ထိုင် သပိတ် ဆင်နွှဲခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။
တနင်္လာနေ့က ဆန္ဒပြမှုကို လက်ရှိအာဏာရ ညွှန့်ပေါင်းအဖွဲ့ ပါကစ္စတန်ဒီမိုကရတ်တစ် လှုပ်ရှားမှု (Pakistan Democratic Movement) ၏ အဖွဲ့ဝင် ၁၃ ပါတီမှ တစ်ခုဖြစ်သော JUI-F ပါတီဝင်များက အဓိကဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ယက်ပေါ် ပေါ်ထွက်လာသော ဓာတ်ပုံနှင့်ဗွီဒီယိုများတွင်လည်း အဝါရောင် ဝတ်ဆင်ထားသော JUI-F ထောက်ခံသူများက လူအတန်းလိုက် စုစည်းကာ မြို့တော် အစ္စလာမ္မာဘတ် (Islamabad) တရားရုံး အပြင်ဘက် တွင် သပိတ်ဆင်နွှဲနေသည်ကို တွေ့ရသည်။

ပါကစ္စတန်ဗဟိုတရားရုံးကို တွေ့ရစဉ်
အစိုးရကို ထောက်ခံသူများသည် လွှတ်တော် အပါအဝင် ထင်ရှားသော အစိုးရ အဆောက်ဦများရှိကာ လုံခြုံရေး တင်ကြပ်သော မြို့တော်၏ Red Zone ဧရိယာ ဝင်ပေါက်ကိုလည်း ချိုးဖောက် ဝင်ရောက်ခဲ့ကြသည်။
လွှတ်တော်ထဲမှာလည်း အာဏာရညွှန့်ပေါင်းအဖွဲ့က ပါကစ္စတန် တရားသူကြီးချုပ် အူမာ အာတာ ဘန်ဒီရယ် (Umar Ata Bandial) အား ဥပေဒချိုးဖောက်ခြင်းအတွက် တရားစွဲရန် ဆောင်ရွက်ချက်ကို တနင်္လာနေ့တွင် အတည် ပြုခဲ့သည်။
ယင်းကဲ့သို့ လွှတ်တော်အတွင်း တရားသူကြီးချုပ်အား ကြုံတောင့်ကြုံခဲ တရားစွဲဆိုခြင်းနှင့် အစိုးရထောက်ခံ သူများ၏ တရားရုံးအပြင်ဘက် ဆန္ဒပြခြင်းများသည် ပါကစ္စတန် အာဏာရပါတီများဘက်က နိုင်ငံ၏တရားရေး စနစ်သည် ပင်မအတိုက်အခံ ခေါင်းဆောင်ဖြစ်သူ ခမ်းအား ဘက်လိုက်မှု ရှိသည်ဟု စွပ်စွဲခဲ့ပြီးနောက် ပေါ်ပေါက် လာခြင်း ဖြစ်သည်။
ပါကစ္စတန်အစိုးရနှင့် တရားရေးဆိုင်ရာ တာဝန်ရှိသူများသည် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် ပတ်သက်၍ ယခုနှစ် အစောပိုင်းကတည်းက တင်းမာမှုများရှိခဲ့သည်။

အီမရန်ခမ်းကိုတွေ့ရစဉ်
ထိုတင်းမာမှုတို့သည် မေလ ၉ ရက်တွင် ပို၍ ဆိုးရွားလာသည်။
ဗဟိုတရားရုံးချုပ်က ခမ်းအား ဖမ်းဆီးထားခြင်းသည် တရားမဝင်ဟုပြောကာ နှစ်ပတ်ကြာ အာမခံပေးခဲ့ပြီး မေလ ၁၂ ရက်တွင် ပြန်လွှတ်ရန် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အသက် ၇၀ အရွယ် PTI ပါတီခေါင်းဆောင်သည် ယခုလအတွင်း ထပ်မံ ဖမ်းဆီးခံရခြင်း မရှိစေရဆိုသည့် ကာကွယ်မှုကိုပါ ရရှိခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ခမ်း၏ ဇနီးကိုလည်း နိုင်ငံအရှေ့ပိုင်း လာဟိုး (Lahore) ရှိ တရားရုံးတစ်ခုက မေလ ၂၃ ရက် အထိ အာမခံပေးခဲ့သည်။
သူမသည်လည်း ခမ်းနှင့်အတူ စွပ်စွဲခံထားရသူ ဖြစ်သည်။ ခမ်းနှင့် ဇနီးသည်တို့သည် တက္ကသိုလ် ဆောက်မည့် မြေယာပိုင်ရှင် တစ်ဦးထံမှ ငွေကြေးဆိုင်ရာ အထောက်အပံ့ ရယူခဲ့သည်ဆိုသည့် စွပ်စွဲချက်နှင့် ရင်ဆိုင်နေ ရခြင်း ဖြစ်သည်။
Source: Aljazeera
