- By CNI
- Category: နိုင်ငံရေး
- Hits: 831
CNI International News
ဂျီနီဗာ၊ စက်တင်ဘာ ၆
ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းနိုင်ငံအား ဗဒေသာဗုံးဟု လူသိများသည့် ကလပ်စတာဗုံးများ ပေးပို့ရန် ဆုံးဖြတ်ခဲ့သည့် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကလပ်စတာဗုံးများ အသုံးပြုမှုကို တားဆီးပိတ်ပင်သည့်် နိုင်ငံတကာ သဘောတူညီချက်ကို ထောက်ခံသူများကမူ ကလပ်စတာဗုံးများကြောင့် တိုက်ပွဲအတွင်း စစ်သားများထက် အရပ်သားများ ထိခိုက်သေဆုံးမှု ပိုမိုများပြား ကြောင်း ပြောကြားခဲ့သည်။
ကလပ်စတာဗုံးများ အသုံးပြုမှု တားမြစ်ပိတ်ပင်ရေး ညွန့်ပေါင်းအဖွဲ့ (Cluster Munitions Coalition) တွင် ပါဝင်သည့်် အဖွဲ့များက နှစ်စဉ် ထုတ်ပြန်လေ့ရှိသည့် အစီရင်ခံစာကို စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ ဆုံးဖြတ်ချက်အား ဝေဖန်ခဲ့ကြသည်။

ကလပ်စတာဗုံးကိုတွေ့ရစဉ်
လာမည့် သတင်းပတ်တွင် ပြုလုပ်မည့် ကလပ်စတာဗုံးဆိုင်ရာ ညီလာခံတွင် နိုင်ငံပေါင်း ၁၁၂ နိုင်ငံမှ သံတမန်များ တက်ရောက်မည် ဖြစ်သည်။
ထိုညီလာခံကို တက်ရောက်မည့် နိုင်ငံများထဲတွင် ကလပ်စတာဗုံးများ အသုံးပြုမှုကို ပိတ်ပင်ရေးနှင့် ယခင်က ကလပ်စတာဗုံးများ ကြဲချခဲ့သည့် နေရာဒေသများတွင် ရှင်းလင်းရေးများ လုပ်ဆောင်ရန် အတည်ပြု လက်မှတ် ရေးထိုးထားသည့်နိုင်ငံများ ပါဝင်သည်။
ညီလာခံတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိပြီး အမေရိကန်နှင့် ရုရှားတို့ ပါဝင်ခြင်း မရှိပေ။
၁၅ နှစ်ကြာ သက်တမ်းရှိပြီဖြစ်သည့် ထိုညီလာခံဘက်မှ ရပ်တည် ကာကွယ်ပေးခဲ့သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HWR) မှ မေရီ ဝဲဟမ်း (Mary Wareham) က Cluster Munitions ညွန့်ပေါင်းအဖွဲ့သည် ဇူလိုင်လအတွင်းက ယူကရိန်းကို ကလပ်စတာဗုံးများ ပေးပို့မည့် အမေရိကန်၏ လုပ်ဆောင်ချက်အပေါ် အလွန် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဗုံးတစ်ခုကိုတွေ့ရစဉ်
အမေရိကန်၏ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၂၀ ကျော်မှ အစိုးရခေါင်းဆောင်များနှင့် အရာရှိများက ဝေဖန်ခဲ့ကြ သည်ဟုလည်း Cluster Munitions ညွန့်ပေါင်းအဖွဲ့က ပြောသည်။
ညီလာခံတွင် ကလပ်စတာဗုံး အသုံးပြုမှု တားဆီးပိတ်ပင်ရေး ထောက်ခံသူများက ထိုအန္တရာယ် ကြီးမားသည့် လက်နက်မျိုးကို တားမြစ်ပိတ်ပင်ရန် နိုင်ငံအများအပြားက အတည်ပြု လက်မှတ်ရေးထိုးရန် မျှော်လင့်နေ ကြသည်ဟုလည်း ဝဲဟမ်းက ပြောကြားခဲ့သည်။
အမေရိကန်ကမူ ယူကရိန်းကို ပေးပို့သည့် ကလပ်စတာဗုံး အမျိုးအစားသည် တင့်ကားများ၊ စစ်လက်နက် ပစ္စည်း များနှင့် စစ်သားများကို ထိခိုက်ပျက်ဆီးစေရန် ပြုလုပ်ထားသည့် လက်နက် အမျိုးအစား ဖြစ်သည်ဟု ပြောကြား ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1179
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၅
ယူကရိန်းအပေါ်ဆင်နွှဲခဲ့သည့် ရုရှား၏ စစ်ပွဲနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာမှုသည် လာမည့် သီတင်းပတ်ကုန်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးအတွင်း ဆွေးနွေးမည့် စားနပ်ရိက္ခာလုံခြုံမှု၊ ကြွေးမြီပြဿနာနှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် ဆိုးရွားစွာ သက်ရောက်စေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
စစ်ပွဲနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ယခင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး ဆိုင်ရာ ညီလာခံအတွင်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ယခုနှစ်တွင် ပြုလုပ်သည့် G-20 အဖွဲ့ဝင် ဝန်ကြီးအဆင့် အစည်းအဝေးများတွင်လည်း ထိုပြဿနာနှင့်ပတ်သက်ပြီး အဖြေရှာနိုင်ခဲ့ခြင်းမရှိပေ။
အိန္ဒိယတွင် ပြုလုပ်မည့် G-20 အစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တက်ရောက်မည် မဟုတ်ဘဲ ဝန်ကြီးချုပ် လီချင် (Li Qiang) ကို စေလွှတ်မည်ဖြစ်ကာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကလည်း တက်ရောက်မည် မဟုတ်ကြောင်း အတည်ပြုခဲ့သဖြင့် ထိုအစည်းအဝေးတွင် မည်သည့် သဘောတူညီချက်ကိုမျှ ရရှိလိမ့်မည် မဟုတ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။

မိုဒီပုံ နောက်ခံနဲ့ လုံခြုံရေးယူထားသူများကိုတွေ့ရစဉ်
ထို့ကြောင့် စက်တင်ဘာ ၉ ရက်ကစပြီး နှစ်ရက်ကြာ ပြုလုပ်မည့် G-20 အစည်းအဝေးကို အနောက်နိုင်ငံများနှင့် ၎င်းတို့၏ မဟာမိတ်များက လွှမ်းမိုးထားမည့်သဘော ဖြစ်သည်။
G-20 အစည်းအဝေးကို တက်ရောက်မည့် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များထဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၊ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှောဇ်(Olaf Scholz) ၊ ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ၊ ဆော်ဒီအာရေဗျ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed Bin Salman) နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့ ပါဝင်သည်။

အိန္ဒိယမှာ ကျင်းပဖို့လုပ်နေတဲ့ G-20 အစည်းအဝေး ပြင်ဆင်မှုကိုတွေ့ရစဉ်
ထို့ကြောင့် လာမည့် G-20 အစည်းအဝေးတွင် မည်သည့် သဘောတူညီမှုမျှ မရရှိဘဲ တစ်စုံတစ်ရာ အောင်မြင်မှု မရှိပါက အနောက်နိုင်ငံများနှင့် အနောက်အင်အားကြီး မဟုတ်သည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ အပေါ် သက်ရောက်မှု ရှိစေနိုင်ပြီး သက်ဆိုင်ရာ နိုင်ငံများအနေနှင့် ၎င်းတို့နှင့် စိတ်သဘောထားချင်း တူညီသည့် နိုင်ငံများနှင့်သာ ပူးပေါင်းပြီး အုပ်စုများကို ပိုမိုဖွဲ့စည်းလာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖြေရှင်းရာတွင် အနောက်နိုင်ငံများနှင့် အခြားနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ချိုးဖျက်ခြင်းသည် မည်သူကမျှ လိုချင်သည့် အခြေအနေမျိုး မဟုတ်ကြောင်း ဝါရှင်တန်ရှိ Wilson Center မှ တောင်အာရှရေးရာဌာန၏ ညွှန်ကြားရေးမှူး မိုက်ကယ် ကူဂယ်မန် (Michael Kugelman) က ပြောကြားခဲ့သည်။
G-20 အစည်းအဝေး မအောင်မြင်ခဲ့ပါက သံတမန်ရေးအရ ထိခိုက်နစ်နာမည့် သူများထဲတွင် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်် အိန္ဒိယ၏ ဝန်ကြီးချုပ် မိုဒီ (Modi) လည်း ပါဝင်လာလိမ့်မည်ဟု ကျွမ်းကျင် သူများက ပြောသည်။
G-20 အစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်အချို့ တက်ရောက်ခြင်း မရှိမှုသည် အိန္ဒိယ၊ အထူးသဖြင့် မိုဒီ အတွက် သံတမန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်ဟုလည်း မစ္စတာ ကူဂယ်မန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1709
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၅
ယခုလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် အမေရိကန်နှင့် သီးသန့်တွေ့ဆုံပြီး လုံခြုံရေး အခြေအနေများကို ဆွေးနွေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သြဂုတ်လအတွင်းက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသည့် မစ္စတာဆရီသာက ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်သည် စက်တင်ဘာလ၏ တတိယသီတင်းပတ်တွင် ကျင်းပမည့် UNGA ကို တက်ရောက်ရန် အမေရိကန်သို့ သွားရောက်သည့်ခရီးစဉ် ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၄ ရက်က ပြောသည်။
စက်တင်ဘာ ၅ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုမည့်် မစ္စတာဆရီသာသည် လာမည့် ရက်ပိုင်းအတွင်း လွှတ်တော်၌ အစိုးရအဖွဲ့၏ မူဝါဒများကို တင်ပြရန် လုပ်ငန်းစဉ်ကို အပြီးသတ် ရေးဆွဲနေသဖြင့် အလုပ်များနေသည်။
ဆရီသာက သူသည် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြောကြားခဲ့သည်။
အလွန်များပြားသည့် အလုပ်တာဝန်များကြောင့် သူသည် ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးကို တက်ရောက်မည် မဟုတ် ကြောင်း ဆီရီသာက ပြောသည်။

ကုလညီလာခံ ကျင်းပနေစဉ်
UNGA ခရီးစဉ်တွင်မူ ထိုင်းကာကွယ်ရေး တပ်ဖွဲ့များ၏ အကြီးအကဲသည် အမေရိကန်နှင့် လုံခြုံရေး အကြောင်း အရာများကို ဆွေးနွေးမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲသို့ သူလည်း တက်ရောက်မည်ဖြစ်သည်ဟု ဆီရီသာက ဘန်ကောက်မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုနီးပါးအတွင်း စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် အုပ်ချုပ်သူများ ကြောင့် စစ်တပ်နှင့် ပြည်သူများအကြား သဘောထား ကွဲလွဲနေမှုကို ပေါင်းကူးတံတားအဖြစ် ထိုးပေးရန် ရည်ရွယ် သည့်အနေဖြင့် စစ်တပ်၏ သဘောထားများအား နားထောင်ရန် စက်တင်ဘာ ၃ ရက်က စစ်တပ် ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်ဟု ဆရီသာက ပြောသည်။

ထိုင်းဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်
စစ်တပ်ကို ပြည်သူနှင့် နီးစပ်စေရန်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရာတွင် ကူညီပေးရန် ဆန္ဒရှိကြောင်း၊ စစ်တပ်သည် ကောင်းမွန်သည့် အရာများကို လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် အချို့အရေးကိစ္စများတွင် ရှင်းလင်းပြတ်သားသည့် အသေးစိတ်ထုတ်ပြန်မှုများ မလုပ်ခဲ့ကြောင်း ဆရီသာက ပြောကြားခဲ့သည်။
၎င်း၏ မှတ်ချက် စကားများသည် ကွန်ဆာဗေးတစ် နိုင်ငံရေးအင်အားစုနှင့် မဟာမိတ်ဖွဲ့ခဲ့သည့်် အာဏာရ ဖြူးထိုင်းပါတီအတွင်း လျင်မြန်သည့် သဘောထား ပြောင်းလဲမှုကို ဖော်ပြရာ ရောက်ခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) က စစ်တပ်၏ ထိပ်သီးခေါင်းဆောင် နေရာများကို ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဆရီသာက စစ်တပ်၏ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ ခြင်းလည်း ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1252
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၅
ယူကရိန်းသမ္မတ ဇာလန်စကီး (Volodymyr Zelenskyy) သည် ယခုသီတင်းပတ်အတွင်း ကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့ဗ် (Oleksii Reznikov) ကို ထုတ်ပယ်လိုက်သည်။
ထို့နောက် အိုလက်စီရက်ဇ်နီကော့ဗ်၏ နေရာတွင် ယူကရိန်း၏ အဓိက ပုဂ္ဂလိကရန်ပုံငွေ အကြီးအကဲဟောင်း ရပ်စ်တမ် အူမာရော့ဗ် (Rustem Umerov) နှင့် အစားထိုးခန့်အပ်ရန် လွှတ်တော်ကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ဇာလန်စကီး၏ နိုင်ငံတော် မိန့်ခွန်းပြောကြားမှုတွင် စစ်ပွဲကာလအတွင်း ထူထောင်ခဲ့သည့်် ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍကို အကြီးမားဆုံး အပြောင်းအလဲများ ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ရက်ဇ်နီကော့ဗ်သည် အနောက်နိုင်ငံ များထံမှ စစ်ရေးအကူအညီ ဒေါ်လာ ဘီလျံချီ ရရှိအောင် ကူညီပေးခဲ့သော်လည်း အဂတိလိုက်စားမှု စွဲချက်များနှင့် လည်း ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး အသစ်ဖြစ်လာမယ့် ရပ်စ်တမ် အူမာရော့ဗ်ကို တွေ့ရစဉ်
"ယူကရိန်း ကာကွယ်ရေးဝန်ကြီးရာထူးကို အစားထိုးဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ အိုလက်စီ ရက်ဇ်နီကော့ဗ်ဟာ ယူကရိန်းစစ်ပွဲရဲ့ ရက်ပေါင်း ၅၅၀ ကျော်မှာ တစ်လျှောက်လုံး တာဝန်ထမ်းဆောင်ခဲ့သူပါ"ဟု ဇာလန်စကီးက ပြော သည်။
"ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ စစ်တပ်သာမကဘဲ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ ထိတွေ့ဆက်ဆံမှုရှိစေမည့် ချဉ်းကပ်မှုအသစ်နဲ့ အခြားပုံစံတွေကို လိုအပ်နေတယ်လို့ ကျနော် ယူဆမိပါတယ်" ဟု ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးရာထူး အပြောင်းအလဲအတွက် လွှတ်တော်၏ ထောက်ခံချက်ကို လိုအပ်မည်ဖြစ်သော်လည်း လွှတ်တော်အမတ်အများစုသည် ဇာလန်စကီး၏ ဆုံးဖြတ်ချက်ကို ထောက်ခံဖွယ်ရှိနေသည်။
ဇာလန်စကီးကလည်း အူမာရော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မှုအား လွှတ်တော်က အတည်ပြုလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် အူမာရော့ဗ်သည် ခရိုင်းမီးယား တာတာ (Crimean Tatar) လူမျိုးဖြစ်ပြီး လွှတ်တော် အမတ်ဟောင်း တစ်ခုဖြစ်ကာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကတည်းက နိုင်ငံပိုင် အိမ်ခြံမြေ ရန်ပုံငွေ အေဂျင်စီတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1044
CNI International News
လိုင်မန်၊ စက်တင်ဘာ ၄
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ စစ်မြေပြင်တွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့များကို ကြမ်းကြုတ် ရက်စက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပိုမိုအရေးကြီးသော တိုက်ပွဲများတွင် ယူကရိန်းတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်အင်အားကို လျော့ကျစေရန်နှင့် ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို အာရုံပြောင်းစေရန်အတွက် အရှေ့ မြောက် စစ်မြေပြင်တွင် ရုရှားတပ်များက ပြင်းထန်စွာ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရုရှား၏ ထိုနည်းဗျူဟာကြောင့် လွန်ခဲ့သည့် ၃ လနီးပါးက စတင်ခဲ့သည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်အပေါ် ဖိအားများ ကျရောက်ခဲ့သည်။ ရုရှားက သိမ်းပိုက်ထားသည့် နယ်နိမိတ်များကို ပြန်လည်သိမ်းယူရန် ရုရှား၏ အားထုတ်ကြိုးပမ်းမှုများသည် အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့ပြီး ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့သည်။
ထို့ကြောင့် ယူကရိန်းစစ်တပ်သည် လက်ရှိတွင် အရှေ့မြောက် စစ်မြေပြင်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကို အာရုံစိုက်လာခဲ့သည်။

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာကိုတွေ့ရစဉ်
အထူးသဖြင့် ရုရှား၏ အဓိက ခံစစ်ဖြစ်သည့် လိုင်မန် (Lyman) မြို့အနီးရှိ တောအုပ်များအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ခါကိဗ် (Kharkiv)ဒေသ၏ ကူးပီးယန့်စ် (Kupiansk) မြို့တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ပြင်းထန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းသည် တောင်ပိုင်းစစ်မြေပြင်ကိုလည်း အာရုံစိုက်ထားပြီး တန်ပြန်ထိုးစစ် စစ်ဆင် ရေးများကို ပြုလုပ်ခဲ့သည်။ အဇော့ပင်လယ် (Sea of Azov) ၏ ကမ်းရိုးတန်းများပေါ်သို့ ချင်းနင်းဝင်ရောက်လာ ခဲ့ပြီး ခရိုင်းမီးယားကျွန်းဆွယ်၏ မြေပြင်စင်္ကြံန်ကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းတောင်ပိုင်းရှိ ရုရှားတို့ သိမ်းပိုက်ထားသည့် နယ်မြေကို နှစ်ခြမ်းကွဲစေမည် ဖြစ်ပြီး ရုရှား၏ ထောက်ပို့လမ်းကြောင်းများကို အားနည်းစေမည် ဖြစ်သည်။
ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမာလီယာ (Hanna Maliar) ကမူ လေ့လာစောင့်ကြည့် သူများ အနေနှင့် ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် နယ်မြေများကို ပြန်လည်သိမ်းယူနိုင်သည့် အခြေအနေ တစ်ခုထဲမှ မကြည့်ဘဲ ရုရှားကို ဖိအားပေးထားနိုင်သော အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်းတပ်မှူး တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆာဆကီကိုတွေ့ရစဉ်
ယူကရိန်းတောင်ပိုင်း စစ်မြေပြင်များတွင် ယူကရိန်းတပ်ဖွဲ့များသည် မကြာသေးမီက ရုရှားတပ်များ၏ ခံစစ်စည်း များကို အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်။
တန်ပြန်ထိုးစစ် စတင်ခဲ့ချိန်ကတည်းက ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ခံစစ်စည်းများကို ချိုးဖောက်ကာ ဇာပိုရီရှား (Zaporizhzhia) ဒေသတောင်ပိုင်းသို့ ၇ ကီလိုမီတာ (၄ ဒသမ ၃ မိုင်) အထိ ချင်းနင်း ဝင်ရောက် နိုင်ခဲ့သည်။
ရုရှားစစ်သားများသည် ကူးပီးယန့်စ်နှင့် လိုင်မန် မြို့များတွင် တပ်များပြန်စုနေပြီး တပ်ရင်းတပ်ဖွဲ့များနှင့် လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားနေကြောင်း ယူကရိန်းတပ်မှူး တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆာဆကီ (Oleksandr Syrskyi) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1278
CNI International News
ပြုံယမ်း၊ စက်တင်ဘာ ၄
မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူးအတုများ တပ်ဆင်ထားသည့် တာဝေးပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှု နှင့်အတူ နည်းဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်မှုပုံစံ သရုပ်ဖော်ထားသည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂ ရက်နေ့ အစောပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ရန်သူများကို သတိပေးခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနှင့် အမေရိကန်ကို ဆန့်ကျင်သည့် စစ်ရေးအဟန့်အတားများကို မြှင့်တင် သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
နျူကလီးယား ထိပ်ဖူးအတုများကို တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်နှစ်စင်းကို ကိုရီးယားကျွန်းဆွယ်၏ ကမ်းလွန် အနောက်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည်များသည် ၁၅၀ မီတာ အမြင့်မှ ၁၅၀၀ ကီလိုမီတာ (မိုင် ၉၅၀) အကွာအဝေးအထိ ပျံသန်းခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်ကိုတွေ့ရစဉ်
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လကုန်က အောင်မြင်ခဲ့ခြင်းမရှိသည့် ကင်းထောက်ဂြိုဟ်တု လွှတ်တင်မှု အပါအဝင် မကြာသေးမီ သီတင်းပတ်များအတွင်း ဒုံးကျည်စမ်းသပ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တောင်ကိုရီးယားသည် B-1B ဗုံးကြဲလေယာဉ်များနှင့်အတူ လေကြောင်း စစ်ရေး လေ့ကျင့်မှုများကို သြဂုတ် ၂၁ ရက်မှ ၃၁ ရက်အထိ ၁၁ ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်နေသည့် သတင်းကို ထုတ်လွှင့်နေစဉ်
မြောက်ကိုရီးယားကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရှုတ်ချခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ဖြန့်ကြက်မှုကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် သြဂုတ် ၃၁ ရက်က ပဲ့ထိန်းဒုံးကျည် နှစ်စင်း မြောက်ကိုရီးယားဘက်က ပစ်လွှတ်ခဲ့သည်။
တောင်ကိုရီးယားအရာရှိများကတော့ နျူကလီးယားဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဆိုသည့် မြောက်ကိုရီးယား၏ ပြောကြားချက်ကို အယုံအကြည်ကင်းမဲ့ကြောင်း ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်မှုများနှင့် ပတ်သက်ပြီး ပုံကြီးချဲ့ ပြောဆိုနေခြင်းဖြစ်ပြီး ဒုံးကျည်ပစ်လွှတ် မှု အားလုံးသည် အောင်မြင်ခြင်းမရှိကြောင်း လေ့လာမှုများက ညွှန်ပြနေသည်ဟု တောင်ကိုရီးယား စစ်ဦးစီးချုပ် များအဖွဲ့ (JCS) မှ အမည်မဖော်လိုသည့် ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1413
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂
ထိုင်းအစိုးရသစ်သည် ကျမ်းသစ္စာကျိန်ဆိုပြီးပါက စီးပွားရေးလှုံ့ဆော်ရေး၊ လျှပ်စစ်ရထား စီးနင်းခကို ဘတ် ၂၀ အထိ ဈေးနှုန်းလျှော့ချခြင်း အပါအဝင် ကုန်ကျစရိတ်များ လျှော့ချဖြတ်တောက်ရေးတို့ကို ဦးစားပေး လုပ်ဆောင် သွားမည်ဟု ဝန်ကြီးချုပ်သစ် ဆရီသာ သာဗီဆင် (Srettha Thavisin) က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဖြူးထိုင်းပါတီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကတိကဝတ်များ၏ တစ်စိတ်တစ်ပိုင်း အနေနှင့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဆွေးနွေးမှုများ ပြုလုပ် သွားရန် လိုအပ်သည်ဟုလည်း မစ္စတာ ဆရီသာက ပြောသည်။
မီးရထားသယ်ယူပို့ဆောင်ရေးဌာနသည် ဘန်ကောက်မြို့တော်၏ လျှပ်စစ်ရထားလမ်း ကွန်ရက်တစ်လျှောက် ရထားစီးနင်းခကို ဘတ် ၂၀ အထိ လျှော့ချမည့် ဖြူးထိုင်းပါတီ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်သည်ဟု ထိုမီးရထားဌာနမှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်သည့် ပါတီအားလုံး၏ ထင်မြင်ချက်များကို မေးမြန်းရန် အရေးကြီးကြောင်းနှင့် အဆိုပါ ရထားစီးနင်းခ ဘတ် ၂၀ အစီအစဉ်ကို ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ပထမဆုံး စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆရီသာက ပြောသည်။

ထိုင်းအမျိုးသမီး တစ်ဦး ဈေးရောင်းနေစဉ်
ဆရီသာ၏ အစိုးရအဖွဲ့သစ်သည် စွမ်းအင်ဈေးနှုန်းများ လျှော့ချသွားမည့် အစီအစဉ်ကို ယခင်ကတည်းက ကြေညာခဲ့ပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း လျှော့ဈေးများရရှိရန် လျှောက်ထားနိုင်သည်ဟု ပြောကြား ခဲ့သည်။
လျှပ်စစ်ဓာတ်အားခအတွက် တစ်ယူနစ်ကို ၄ ဒသမ ၂၅ ဘတ် အထိ လျှော့ချပေးရန် စက်ရုံများက တောင်းဆိုထား ပြီး ထိုနှုန်းထားအထိ လျှော့ချပေးမည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆရီသာက ပြောသည်။
လက်ရှိ ထိုင်းတွင် လျှပ်စစ်ဓာတ်အားခများသည် တစ်ယူနစ်လျှင် ၄ ဒသမ ၇၀ ဘတ်ဖြစ်ပြီး လျှော့ဈေးပေးသည့် နှုန်းထားသည် တစ်ယူနစ်လျှင် ၄ ဒသမ ၄၅ ဘတ်ထက် မများသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းပြည်သူ တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ဘတ် ၁၀၀၀၀ စီ ထောက်ပံ့မည့် မူဝါဒကို ကြေညာခဲ့ သည့် ဖြူးထိုင်းပါတီသည် ကာလတို စီးပွားရေးလှုံ့ဆော်မှုအတွက် အစိုးရ အေဂျင်စီများနှင့် ဆွေးနွေး ညှိနှိုင်းနေ သည်ဟုလည်း ထိုင်းဝန်ကြီးချုပ်သစ်က ပြောသည်။
ဘတ် ၁၀၀၀၀ စီ ထောက်ပံ့မည့် မူဝါဒကို လာမည့်နှစ် ပထမသုံးလပတ် ကာလထက် နောက်မကျစေဘဲ အကောင်အထည် ဖော်သွားဖွယ်ရှိသည်ဟု ဆရီသာက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By cni
- Category: နိုင်ငံရေး
- Hits: 1200
CNI International News
မော်စကို၊ စက်တင်ဘာ ၂
ယူကရိန်းသည် ရုရှားနိုင်ငံ၏ ခရစ် (Kursk) ဒေသရှိ ကာချာတော့ဗ် (Kurchatov) မြို့ကို ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အုပ်ချုပ်ရေး အဆောက်အအုံနှင့် လူနေအဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
မော်စကိုမြို့တော်အနီး ရောက်လာသည့် ယူကရိန်း၏ ဒုတိယမြောက် ဒရုန်းကိုမူ ပစ်ချနိုင်ခဲ့သည်ဟု ဒေသခံ အရာရှိများက ပြောသည်။
စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကာချာတော့ဗ်မြို့တွင် ထိခိုက် ပျက်စီးမှုများကို အရေးပေါ် အဖွဲ့များက စစ်ဆေးလေ့လာနေသည်ဟု ခရစ်ဒေသအုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗစ် (Roman Starovoit) က ပြောသည်။
"လူတွေ ထိခိုက်သေဆုံးမှု မရှိပါဘူး" ဟု စတာရိုဗစ်က Telegram တွင် ရေးသားဖော်ပြခဲ့သည်။

ကာချာတော့ဗ်မြို့ကိုတွေ့ရစဉ်
အစောပိုင်း ဖော်ပြချက်များအရ ကာချာတော့ဗ်မြို့တွင် ယူကရိန်း၏ ဒရုန်းနှစ်စင်းကြောင့် အဆောက်အအုံနှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ဒရုန်းတစ်စင်းဖြင့်သာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။
ကာချာတော့ဗ်မြို့သည် ဆိုဗီယက်ခေတ်က Kursk နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ကီလိုမီတာ အနည်း ငယ်သာ ကွာဝေးသည့်နေရာတွင် တည်ရှိသည်။
Kursk နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ရုရှား၏ အကြီးဆုံး နျူကလီးယား စက်ရုံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ခရစ်ဒေသအုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗစ်ကို တွေ့ရစဉ်
မော်စကိုမြို့တော်ဝန် ဆာဂျေ ဆိုယာနင် (Sergei Sobyanin) ကလည်း စက်တင်ဘာ ၁ ရက် အစောပိုင်းက ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့သည် မော်စကိုမြို့တော် အနီးသို့ ချဉ်းကပ်လာသည့် ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုဒရုန်းကို မော်စကိုမြို့လယ်၏ အရှေ့တောင်ပိုင်း ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာအဝေးရှိ လျူဘာစီ (Lyubertsy)မြို့အနီးတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုယာနင်က Telegram တွင် ရေးသားခဲ့ပြီး အသေးစိတ် အချက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
ထိုဒရုန်း တိုက်ခိုက်မှုကြောင့် မော်စကိုမြို့တော်၏ အဓိက လေဆိပ်သုံးခုဖြစ်သည့် Sheremetyevo ၊ Domodedovo နှင့် Vnukovo လေဆိပ်များသည် စက်တင်ဘာ ၁ ရက် အစောပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားသည့် လေကြောင်းလိုင်းများကို ဖျက်သိမ်းခဲ့ရသည်ဟု ဒေသခံအွန်လိုင်းမီဒီယာများက ဖော်ပြခဲ့သည်။
မော်စကိုမြို့တော်တွင် ဒရုန်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ရင်ဆိုင်နေရသဖြင့် မော်စကိုလေကြောင်း ကာကွယ် ရေး တပ်ဖွဲ့ကို အင်အားတိုးမြှင့် စေလိုသည်ဟု မြို့တော်ဝန် ဆိုယာနင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By cni
- Category: နိုင်ငံရေး
- Hits: 778
CNI International News
ဝါဂါဒူဂူ ၊ စက်တင်ဘာ ၂
ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဘာကီနာဖာဆိုနိုင်ငံ၏ ယာယီသမ္မတ အီဘရာဟင် ထရာအိုရေး (Ibrahim Traore) နှင့် သြဂုတ် ၃၁ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ပြီး စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဇူလိုင်လက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ချ်မြို့တွင် ပြုလုပ်ခဲ့သည့် ရုရှား-အာဖရိက ညီလာခံတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ထရာအိုရေးတို့အကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရုရှား၏ ဒုတိယကာကွယ်ရေးဝန်ကြီး ယူနက်စ် ဘက် ယက်ဗ်ကူရော့ဗ် (Yunus-Bek Yevkurov) ဦးဆောင်သည့် အဖွဲ့သည် ဘာကီနာဖာဆိုသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဘာကီနာဖာဆိုသည် ဖေဖော်ဝါရီလက နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့များကို နှင်ထုတ်ခဲ့ပြီးနောက် စစ်အစိုးရ အုပ်ချုပ်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဘာကီနာဖာဆိုနှင့် ရုရှားအကြား ဆက်ဆံရေးများသည် သိသာ ထင်ရှားလာခဲ့သည်။

ဝဂ်နာအဖွဲ့ အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်
ထို့ပြင် ရုရှား၏ ဝဂ်နာ ကြေးစားစစ်သားများ လှုပ်ရှားနေသည့် မာလီနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ဘာကီနာဖာဆို နှင့် ရုရှားအကြားဆက်ဆံရေး နက်ရှိုင်းလာခဲ့သည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။
အစည်းအဝေးအတွင်း ရုရှား၏ လေယာဉ်မှူးများက ဘာကီနာဖာဆို၏ ဗိုလ်လောင်းများနှင့် အရာရှိများကို စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုများ အပါအဝင် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဘာကီနာဖာဆိုက ထုတ်ပြန်ခဲ့သည်။
သို့သော် ရုရှားသည် စစ်သင်တန်းပေးသူများကို ဘာကီနာဖာဆိုသို့ စေလွှတ်မည် ဟုတ်/မဟုတ်ကိုမူ ထုတ်ပြန်ခဲ့ ခြင်း မရှိပေ။
အာဖရိကနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဝဂ်နာ ကြေးစားစစ်သားကွန်ရက်ကို ဖြန့်ကြက်ခဲ့သည့် ဝဂ်နာအဖွဲ့ အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin)သေဆုံးခဲ့ပြီးနောက် ရုရှားသည် အာဖရိကတွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
