CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

ရော်နယ်ဒိုဟာ ရှရစ်ဖ်အသင်း အိမ်ကွင်းမှာ သွားကစားရမယ့် ပွဲမတိုင်ခင် အခုရက်သတ္တပတ်အတွင်း အလွန် ကောင်းမွန်တဲ့ ခံစားချက် ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်အတွက် မောလ်ဒိုဗာကို ခရီးရှည် သွားရောက်ရမှာပါ။ အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားချင်လို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။

ဒါပေမယ့် အသင်းမှာပဲ ဆက်လက် ရှိနေတာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေအပေါ်မှာ အာရုံစူးစိုက်နေတာပါ။ ပေါ်တူဂီ ကစားသမားဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေပါတယ်။

ရော်နယ်ဒိုဟာ လက်ရွေးစင် အသင်းဖော် ဒါလော့ဒ်၊ ရီးရယ်လ် အသင်းဖော်ဟောင်း ကတ်စမဲရိုးတို့နဲ့အတူ လေ့ကျင့်မှု ပြုလုပ်နေတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

ဒီပုံနဲ့အတူ “ ကောင်းမွန်တဲ့ ခံစားချက်နဲ့ အခုရက်သတ္တပတ်ကို စတင်လိုက်ပါ”ဆိုတဲ့ စာသားကို ရေးသားထား ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ဂိုးပေါက် ပျောက်ဆုံးနေတာကြောင့် ကြာသပတေးနေ့မှာ ကစားမယ့်ပွဲစဉ်မှာ သွင်းဂိုးရရှိဖို့ မျှော်လင့်နေပါတယ်။

ရီးရယ်လ်အသင်းဖော်ဖြစ်ခဲ့သူ ကတ်စမဲရိုးနဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်

ရော်နယ်ဒိုဟာ ဒီရာသီ ယူနိုက်တက်အတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၅ ပွဲက လူစားဝင် ကစားသမားအဖြစ် ပါဝင် ခဲ့ရတာ ဖြစ်ပါတယ်။ ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲထွက်ခွင့်ရခဲ့ပြီး ဂိုးသွင်း နိုင်ခဲ့ ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံရလို့ နစ်နာခဲ့ရပါတယ်။

ရော်နယိဒိုဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ်တွေရဲ့ ကြီးမားတဲ့ ပစ်မှတ်အဖြစ် ရှိလာနိုင် တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဆော်ဒီချန်ပီယံ အယ်လ်ဟီလယ်လ်က ရော်နယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သလို အယ်လ်နာဆာ အသင်းကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။

ရော်နယ်ဒိုကတော့ ဆော်ဒီကလပ်တွေထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိပေမယ့် အဆိုပါကလပ်တွေကတော့ ပေါ်တူဂီကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

Source: The Sun