CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ပီအက်စ်ဂျီအသင်းက မက္ကာဘီဟိုင်ဖာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ မက်ဆီဟာ ပြိုင်ဘက်ကြီး ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့သလို စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မက္ကာဘီဟိုင်ဖာအသင်းကို ဂိုးသွင်းယူပြီးနောက် မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ အသင်းပေါင်း ၃၉ သင်းကို ဂိုးသွင်း ယူနိုင်ခဲ့တာပါ။ မက်ဆီဟာ အရင်က ရော်နယ်ဒိုနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ ၃၈ သင်း ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၈ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

မက်ဆီဟာဆိုရင် ဘန်ဇီမာနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၇ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကနေ ဒီပွဲမှာ သွင်းခဲ့တဲ့ဂိုးကြောင့် စံချိန်သစ် ရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအတွက်တော့ မက္ကာဘီဟိုင်ဖာအသင်းနဲ့ ပွဲမှာ ဂိုးသွင်း ယူပြီးနောက် ကစားသမားဘ၀ ချန်ပီယံလိဂ် သွင်းဂိုး ၁၂၆ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားကတော့ ရော်နယ်ဒို ဖြစ်ပြီး ၁၄၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

မက်ဆီ ဂိုးသွင်းနေစဉ်

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်နေ တာ ကြောင့် မက်ဆီအနေနဲ့ ရော်နယ်ဒိုရဲ့ စံချိန်တွေကို လိုက်မှီနိုင်ဖို့ ရှိသေးတယ်လို့ အချက်အလက်တွေအရ သိရပါ တယ်။
မက္ကာဘီဟိုင်ဖာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီအပြင် ပီအက်စ်ဂျီ အသင်းအတွက် ဂိုးတွေကို နေမာနဲ့ ဘတ်ပီ တို့က သွင်းယူခဲ့ပါသေးတယ်။ ပြင်သစ်ကလပ်ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း အနိုင်ရထားတာကြောင့် ၂ ပွဲ ကစား ၂ ပွဲ အနိုင်ရရှိထားတာပါ။
ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက “ပထမပိုင်းမှာ ကျနော်တို့ဟာ အခွင့်အရေး ၂ ကြိမ် ၃ ကြိမ်လောက် ရရှိခဲ့ ပါတယ်။ သူတို့တွေလည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပါတယ်။ ပထမပိုင်းကတော့ ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ အနားယူပြီး ချိန်မှာ ပြင်ဆင်နိုင်ခဲ့လို့ ပိုမိုကျစ်လစ်လာခဲ့တာပါ။ ချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေက အမြဲတမ်း ကောင်းမွန်တဲ့ အရည်အသွေးရှိလို့ ကျနော်တို့ တုံ့ပြန်နိုင်ဖို့ လိုပါတယ်”လို့ RMC Sport ကို ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

Source: Metro/Daily Mail