CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

ဆွီဒင်ဘောလုံးအဖွဲ့ချုပ် အာဏာပိုင်တွေက ရုရှားကလပ် အသင်းတွေမှာ ကစားနေတဲ့ နိုင်ငံအသင်းက ဘယ် ကစားသမားကိုမဆို နိုင်ငံအသင်းရဲ့ လူစာရင်းမှာ ရွေးချယ်မှာ မဟုတ်တော့ဘူးလို့ ပြောလိုက်ပါတယ်။

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ ဒီသတင်းကို အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ပြုလုပ်မယ့် ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်ကို အတည်ပြုဖို့ စီစဉ်ထားတာပါ။

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်နီလ်ဆန်က “ ကျနော်တို့အတွက်တော့ ရုရှားကလပ်တစ်ခုမှာ ကစားဖို့ ရွေးချယ်ထားတဲ့ ကစားသမားတွေကို ဆွီဒင်ဘောလုံးအသင်းအတွက် ကိုယ်စားပြုခွင့် ပေးတော့မှာ မဟုတ်ဘူးလို့” ပြောပါတယ်။

နီလ်ဆန်ကတော့ ပဋိပက္ခတွေ ဆက်ပြီးဖြစ်ပွားနေတဲ့ အချိန်ထိ ပိတ်ဆို့ အရေးယူမှုတွေ ဆက်ပြီး ရှိနေဦးမှာလို့ ပြောပါတယ်။

“စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေသရွေ့၊ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ဆိုင်းငံ့ထားသရွေ့ ရုရှားဟာ ကျနော်တို့ရဲ့ အားကစားမှာ မပါဝင်သင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တစ်စိတ်တစ်ပိုင်း အနေနဲ့ အခြေခံထားပါတယ်။ နိုင်ငံ အသင်းမှာ ပါဝင်နေတဲ့ ဆွီဒင်ကစားသမား တစ်ယောက်ဟာ ရုရှားမှာ ကစားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဲ့ဒီ ကစား သမားဟာ ဆွီဒင်အတွက် ကစားလို့ မရတော့ပါဘူး”လို့ နီလ်ဆန်က ပြောပါတယ်။

ရုရှားကလပ်အသင်းများကိုတွေ့ရစဉ် 

ဆွီဒင် ကစားသမား အများအပြားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲ ဖြစ်ပွားကတည်းက ရုရှားကနေ ထွက်ခွာမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

လက်ရွေးစင်အတွက် ၆၂ ပွဲ ပါဝင်ကစားထားတဲ့ ကလာဆန်ဟာ ပြီးခဲ့တဲ့ ရာသီအထိ ရုရှားကလပ် ခရက်စနွန်ဒါ အသင်းမှာ ကစားခဲ့ပေမယ့် အခုအချိန်မှာတော့ ကိုပေဟေဂင် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် တိုက်စစ်မှူး ဟင်းနရစ်လာဆင်ရဲ့ သားဖြစ်သူ ဂျော်ဒန်လာဆန်ကလည်း အခုနှစ် ရာသီ အစမှာ စပါးတပ်မော်စကို အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။

နော်ဝေကစားသမား နော်မန်ဟာ ဒိုင်နမိုမောစကိုအသင်းမှာ ဆက်ကစားဖို့ ရွေးချယ်ခဲ့လို့ နိုင်ငံအသင်းမှာ ရွေးချယ်ခြင်း မခံရတော့သလို ပိုလန်နောက်ခံလူ ရိုင်ဘတ်စ်ကလည်း စပါးတပ်မော်စကိုမှာပဲ ဆက်ရှိခဲ့လို့ နိုင်ငံအသင်းမှာ အရွေးမခံရတော့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေ တို့ကတော့ ရုရှားအသင်းတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

Source: အာတီသတင်းဌာန