CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

ချယ်လ်ဆီး၊ မန်စီးတီးနဲ့ ရိန်းဂျားစ်အသင်းတို့ဟာ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင်မှာ နိုင်ငံတော်သီချင်းဖွင့်ပေးဖို့ တောင်းဆိုခဲ့တာကို ယူအီးအက်ဖ်အေက ပယ်ချလိုက်ပါတယ်။

ဗြိတိန်ကလပ် ၃ သင်းစလုံးဟာ God Save The King ဆိုတဲ့ နိုင်ငံတော်သီချင်း ဖွင့်ခွင့်ရမလားဆိုပြီး ယူအီးအက်ဖ်အေထံ တောင်းဆိုခဲ့တာပါ။

ဒါပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်က ဒီအဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ဘုရင်မကြီးကို လေးစားမှု အမှတ်အသားအဖြစ် အင်္ဂလန် ဒါမှမဟုတ် စကော့တလန်မှာ ကစားမယ့် ပွဲစဉ်တွေမှာ ချန်ပီယံလိဂ် သီချင်းကိုလည်း ဖွင့်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဒါပေမယ့်လည်း MailPlus ကတော့ ရိန်းဂျားစ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို ဖီဆန်ဖို့ အသင့်ရှိ နေပြီး ပွဲမစခင် ၁ မိနစ် ငြိမ်သက်မှု ပြုလုပ်ပြီးနောက် အားကစားကွင်းမှာရှိတဲ့ ပရိသတ်တွေ အားလုံးကို နိုင်ငံတော် သီချင်း သီဆိုဖို့ ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းအသင်း ပွဲစဉ်မှာ ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု တစ်မိနစ် ငြိမ်သက်နေကြစဉ် (Metro)

ရိန်းဂျားစ်နဲ့နာပိုလီအသင်းတို့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို အင်္ဂါနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ရွှေ့ဆိုင်းခဲ့ပြီး ကွင်းအတွင်းကို ရိန်းဂျားစ် ပရိသတ်တွေသာ ဝင်ခွင့်ပြုထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်း ပရိသတ်တွေဟာ ၁ မိနစ် ငြိမ်သက်နေချိန်အတွင်းမှာ God Save The Queen ဆိုပြီး သီဆိုသွားခဲ့ပါတယ်။ ဗြိတိန်ကလပ်တွေ ပါဝင်တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ကစားသမားတွေဟာ အနက်ရောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ကြပြီး ၁ မိနစ် ငြိမ်သက်ကြမှာပါ။

အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ရဲ့ ယူရိုပါလိဂ် ပွဲစဉ်ကိုတော့ ရဲတပ်ဖွဲ့ဝင် အင်အား မလုံလောက်လို့ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘတ် ၂ ကွယ်လွန်မှုကြောင့် ပြီးခဲ့တဲ့အပတ်က ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲတွေ အားလုံးကို ရွှေ့ဆိုင်းခဲ့ရပေမယ့် ဒီအပတ်မှာတော့ ပွဲစဉ် ၃ ပွဲကို ရွှေဆိုင်းကာ ကျန်တဲ့ ပွဲတွေအားလုံးကို ပြန်လည် ကျင်းပသွား မှာ ဖြစ်ပါတယ်။

Source: Metro