CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၆

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြသစ် အဲရစ်တန်ဟတ် ဟာ ဒီတစ်ပတ်မှာ အသင်းနဲ့ အလုပ်စတင် လုပ်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲရစ်တန်ဟတ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အေဂျတ်စ် အသင်းကို နယ်သာလန်လိဂ် နောက်ဆုံးပွဲစဉ် ကိုင်တွယ် ပေးထားခဲ့တာပါ။ ဒီပွဲအပြီးမှာပဲ နယ်သာလန် လူမျိုးနည်းပြဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ချက်ချင်းအလုပ်တွေ စလုပ်တော့ မှာလို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာပါ။ ဒါ့အပြင် နွေရာသီမှာ ကစားသမား အများအပြား အသင်းက ထွက်ခွာဖွယ်ရှိတာကြောင့် အဲရစ်တန်ဟတ် အနေနဲ့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ရမှာပါ။

အဲရစ်တန်ဟတ် က “ မနက်ဖြန်ကစပြီး ယူနိုက်တက် အသင်းအတွက် အာရုံစိုက်သွားမှာပါ။ လိုအပ်နေတဲ့ ကိစ္စတွေ အများ ကြီးကို ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဒတ်ချ် ရာသီအပြီးမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ အလုပ်တွေ ဆက်လုပ်ဖို့ ကျနော့်မှာ အင်အားတွေ ရှိပါတယ်။ ဒီအရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ပါတယ်။ အသေးစိတ် ခွဲခြမ်းမှုတွေကအစ စတင်ဖို့ လိုအပ်သလို အသင်းနဲ့လည်း အလုပ်အတူတူတွဲလုပ်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ကစားသမား ကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့ကို အသင်းလိုက် ဖြစ်အောင် လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

အေဂျတ်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အဲရစ်တန်ဟတ်(SI)

အေဂျတ်စ် အသင်းဟာ ရာသီကုန်ဆုံးချိန် ခရီးစဉ်အဖြစ် ကူရာကာအိုကို သွားဖို့ ရှိနေပေမယ့် အဲရစ်တန်ဟတ် ဟာ လိုက်ပါ မသွားဘဲ အသင်းသစ်နဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲရစ်တန်ဟတ် ဟာ မန်ချက်စတာ ယူနိုက် တက် အသင်း ရာသီနောက်ဆုံး ပွဲစဉ်အဖြစ် ကစားမယ့် ပဲလေစ့်နဲ့ပွဲကို တက်ရောက် ကြည့်ရှုဖို့ ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပဲလေစ့်ကွင်းမှာ ကစားရမယ့် နောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်ပြီး ဒါမှလည်း လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

Source: Goal