CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၆

ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပီဟာ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ကြေညာ သွားမယ်လို့ ပြောလိုက်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်း ပြင်သစ်လီဂူးဝမ်းဆုဖလား ရရှိခဲ့တဲ့ အခုနှစ်ရာသီမှာ လိဂ်သွင်းဂိုး ၂၅ ဂိုး သွင်းယူကာ ခြေစွမ်း ပြသနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် ပြင်သစ်လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၃ ရာသီဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဘတ်ပီကို ခေါ်ယူဖို့ စပိန်ကလပ် ရီးရယ်လ်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်သလို ပီအက်စ်ဂျီ အသင်းကလည်း သက်တမ်းတိုး စာချုပ်ချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘတ်ပီက “ ဇွန်လမှာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခင် အနာဂတ်နဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာသွားမှာပါ။ အနာဂတ်အကြောင်း မပြောနိုင်သေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ခင်ဗျားတို့ သိရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ချလုနီးပါးဖြစ်နေပါပြီ ”လို့ ပြောခဲ့ပါတယ်။

ဆုယူနေတဲ့ ဘတ်ပီနဲ့အတူ အွန်နရီကိုလည်း တွေ့ရ(BeSoccer)

ဘတ်ပီဟာ ဒီရာသီမှာ ပြင်သစ်ကလပ်အတွက် ပြိုင်ပွဲစုံ ၃၆ ဂိုးသွင်းယူထားပြီး ဘန်ဇီမာနဲ့ စပိန်ကလပ်မှာ အတူတွဲကစားဖို့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။ ဘတ်ပီနဲ့ ဘန်ဇီမာတို့ဟာ ပြင်သစ်လက်ရွေးစင် အသင်းမှာလည်း အတွဲဖက်မိမိနဲ့ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီ လီဂူးဝမ်းချန်ပီယံဆု ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ ရီးရယ်လ် အသင်းကို အရေးနိမ့်ခဲ့တာပါ။

လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့တာနဲ့ ပတ်သက်ပြီး ဘတ်ပီက “ ဒီနေရာမှာ ရှိနေတာက ဂုဏ်ယူ စရာပါပဲ။ တတိယအကြိမ် ဆက်တိုက် ဆုရခဲ့တာကလည်း မယုံနိုင်စရာပါပဲ ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီ ဟာ မိုနာကို ကနေ ရောက်ရှိလာပြီးကတည်းက ပီအက်စ်ဂျီအတွက် ၁၆၈ ဂိုး သွင်းယူပေးထားခဲ့တာပါ။ ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားကတော့ ကာဗာနီ ဖြစ်ပြီး ဂိုး ၂၀၀ သွင်းယူထားတာ ဖြစ်ပါတယ်။

ကာဗာနီ ကို ကျော်ဖြတ်ပြီး ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာနိုင်လားလို့ မေးခဲ့တာမှာ ဘတ်ပီက “ကျနော် ဆက်ပြီး တိုးတက်ချင်ပါသေးတယ်။ ထိပ်ဆုံး ၃ ဦးနေရာမှာ ရှိနေလို့ အလွန်ပျော်ရွှင်ပါတယ် ”လို့ ဖြေခဲ့တာ ဖြစ်ပါ တယ်။

Source: The Sun