CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၉

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို မေလ ၉ ရက် မနက်ပိုင်းက ပြန်လည် စတင်ခဲ့တယ်လို့ အသင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်လေ့ကျင့်မှုတွေကို ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းမှာ စတင် ပြုလုပ်ခဲ့ တာပါ။ ကာလ အတန်ကြာ ရပ်နားထားတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို စုစုပေါင်း ကစားသမား ၂၆ ဦးနဲ့ စတင် လေ့ကျင့် သွားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းကြီးနဲ့ ယူ-၂၃ အတွက် ပေးထားတဲ့ ကစားသမား ၇ ဦးကလွဲပြီး ကစားသမားသမား ၁၉ ဦးနဲ့ လေ့ကျင့်မှုတွေကို စတင်ခဲ့တာပါ။

ရန်ကုန်ယူနိုက်တက် အသင်းကို နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အခုအချိန်ထိ ပြန်လည် ကျင်းပနိုင်ခြင်း မရှိ သေးတာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက် အသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

လေ့ကျင့်ခန်း ဆင်းနေတဲ့ ရန်ကုန်ယူနိုက်တက်အသင်း (YUFC)

၂၀၀၉ က စတင်ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက် အသင်းက ချန်ပီယံဆု ၅ ကြိမ် ရယူ ထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုတွေကို ရတနာပုံအသင်းက ၄ ကြိမ်၊ ရှမ်းယူနိုက်တက် အသင်းက ၃ ကြိမ် ရယူ ထားခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် အသင်းဟာ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထား နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပဖို့ မသေချာသေးတဲ့ အခြေအနေကြောင့် ကစားသမားတွေဟာ ပြည်ပ ထွက်ပြီး ကစားနိုင်ဖို့ ကြိုးစားနေကြတာပါ။ အခုနှစ်ရာသီ ထိုင်းလိဂ်ပြိုင်ပွဲမှာ အောင်သူ၊ မောင်မောင်လွင်၊ ဇော်မင်းထွန်း၊ အောင်ကောင်းမာန်၊ ဆမ်လန်မန်၊ အောင်ကျော်နိုင်နဲ့ ကျော်ကိုကိုတို့ ကစားနေပြီး မလေးရှားလိဂ်မှာ ဟိန်းထက်အောင် ကစားနေတာပါ။

ကမ္ဘောဒီးယားလိဂ်မှာတော့ ဧရာဝတီယူနိုက်တက် ကစားသမားဟောင်း သီဟဇော် သွားရောက် ကစားနေတာ ဖြစ်ပါတယ်။