CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁

ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို က ရုရှား သမ္မတပူတင်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ပြီး ယူကရိန်းစစ်ပွဲကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။


ရုရှားနိုင်ငံဟာ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပေမယ့် ယူကရိန်းကို ကျူးကျော်မှုတွေကြောင့် လက်ရွေးစင်အမျိုးသားအသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အဆင့် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ ရုရှားကို ဖီဖာအပြင် ယူအီးအက်ဖ်အေကလည်း ပိတ်ပင်ထားတာကြောင့် စပါးတပ်မော်စကို အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေကနေ ထွက်ခွာပြီး အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ကို ဝင်ရောက်ဖို့တောင် စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ ရုရှားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် မယှဉ်ပြိုင်ရတာကြောင့် သူနဲ့ကစားရမယ့် ပိုလန် အသင်းဟာ အလို အလျောက် ဗိုလ်လုပွဲတက်ပြီး ဆွီဒင်ကို အနိုင်ရကာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

အင်ဖန်တီနို က “ကိုဗစ်ကပ်ရောဂါကြောင့် ဥမင်ရဲ့အဆုံးမှာ အလင်းရောင်တွေပြန်တွေ့ရတော့ အခု စစ်ပွဲထပ်ဖြစ်ပြန်ပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကို ကြောက်ရွံ့တဲ့စစ်ပွဲပါ။ အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ပြီး သေဆုံးနေကြရပါတယ်။ အားကစားဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ နယ်လ်ဆင် မင်ဒဲလား က ပြောခဲ့ပါတယ်။ ဘောလုံးဟာ ကမ္ဘာ့အားကစားဖြစ်ပေမယ့် တချိန်တည်းမှာပဲ ဘောလုံးဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်လို့ ယုံကြည်နေတာတော့မဟုတ်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရုရှား ဟာ အခုအချိန်မှာ ကမ္ဘာ့ဘောလုံးလောက ကနေ ပိတ်ပင်ခံထားရတာကြောင့် ယူရို(၂၀၂၈)ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လျှောက်ထားရာမှာလည်း သက်ရောက်မှုတွေရှိလာနိုင်တာပါ။ ရုရှား ဟာ ယူရို(၂၀၃၂)ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လျှောက်ထားတာဖြစ်ပါတယ်။(၂၀၁၆)ကတည်းက ဖီဖာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဖန်တီနို ဟာ (၂၀၁၉)က ရုရှားသမ္မတ ပူတင် ဆီကနေ ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ် ဆုတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။

Source:Mirror