CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၅
တူရကီ စီးပွားရေးလုပ်ငန်းရှင် မူဆင်ဘေရက်ခ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ခဲ့ပြီးတော့ သဘောတူညီမှုရယူဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။
၂၀၀၃ ကတည်းက ချယ်လ်ဆီး အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ဟာ လန်ဒန်ကလပ်ကို ရောင်းချတော့ မယ်လို့ တရားဝင် ပြောထားတာ ဖြစ်ပါတယ်။
အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်သူဖြစ်တာကြောင့် ဗြိတိန်အစိုးရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံရနိုင်တဲ့ အတွက် ချယ်လ်ဆီးအသင်းကို အမြန်ဆုံး ရောင်းချနိုင်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီး အသင်းကို ပေါင် ၃ ဘီလီယံနဲ့ ၄ ဘီလီယံကြား တန်ဖိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းကို ရောင်းချပြီး ရရှိလာတဲ့ အသားတင်ငွေအားလုံးကို ယူကရိန်းဒုက္ခသည်တွေကို လှူဒါန်းသွားမယ်လို့ အေဘရာမိုဗစ်ချ်က ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်(SI)
ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ အများအပြားကို ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်က လက်ခံ ရရှိထားတယ် လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ တူရကီဘီလျံနာ မူဆင်ဘေရက်ခ်ကတော့ ချယ်လ်ဆီး အသင်းကို လွှဲပြောင်း ရယူနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိတယ်လို့ ပြောခဲ့တာပါ။
မူဆင်ဘေရက်ခ်က “အေဘရာမိုဗစ်ချ်ရဲ့ ရှေ့နေတွေနဲ့ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လတ်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ မကြာခင် လန်ဒန်မှာ တူရကီအလံကို လွှင့်နိုင်တော့မှာပါ”လို့ တူရကီ မီဒီယာနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
အေဘရာမိုဗစ်ချ် ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးမှာ လန်ဒန်ကလပ်ဟာ နည်းပြ ၁၅ ဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပြီး ဆုဖလားပေါင်း ၂၁ လုံးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်ကတော့ သူဟာ ချယ်လ်ဆီး အသင်းကို လူကိုယ်တိုင်နှုတ်ဆက်ဖို့ နောက်ဆုံးအကြိမ်အနေနဲ့ စတမ်းဖို့ဘရစ်ချ်ကို လာရောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြော ထားတာ ဖြစ်ပါတယ်။
Source: Metro