CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ် ဟာ ကာကွယ်ဆေးမထိုးတာနဲ့ ဗီဇာပြဿနာတွေကြောင့် သြစတြေးလျကနေ ပြည်နှင်ဒဏ်ပေးခံရပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ပါဝင်ကစားခဲ့ပြီဖြစ်ပါတယ်။
ဂျိုကိုဗစ် ဟာ လက်ရှိအချိန်ထိလည်း ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြောထားခြင်း မရှိသေး ပေမယ့် အခုနှစ်အတွင်း သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပါဝင်ကစားခဲ့တာပါ။ ပထမအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဂျိုကိုဗစ် ဟာ အီတလီတင်းနစ် ကစားသမား မူဆက်တီကို (၆-၃)၊(၆-၃)နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂျိုကိုဗစ် က “ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတခုပါ။ ရာသီစတင်ဖို့ ပိုကောင်းတဲ့နေရာတခုကို ကျနော် မ ရွေးချယ်နိုင်ခဲ့ပါဘူး။ ဒီညမှာတော့ အကောင်းဆုံးလို့ ပြောလို့ရတဲ့အတွေ့အကြုံတွေ ရခဲ့ပါတယ်။ (၂)လခွဲ (၃)လ နီးပါးလောက် မကစားရတာဖြစ်တဲ့အတွက် အခုလိုနိုင်ပွဲရတာကို ကျေနပ်ရမှာပါ”လို့ ပြောခဲ့တာပါ။ ဆားဘီးယား ကစားသမားဟာ ဒုတိယအဆင့်မှာတော့ ကာချာနော့ဗ်နဲ့ အဲလက်စ်ဒီမင်အာ တို့ ပွဲစဉ်က အနိုင်ရတဲ့ ကစားသမားနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဂျိုကိုဗစ် ဟာ ပြီးခဲ့တဲ့အပတ်က ဘီဘီစီနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကိုဗစ်ကာကွယ်ဆေး အတင်းအကြပ် ထိုး ရမှာထက် ဆုဖလားတွေကိုပဲ လက်လွတ်သွားမယ်လို့ ပြောခဲ့တာပါ။ အငြင်းပွားဖွယ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ ပုံရိပ်ကို မေးမြန်းခဲ့ရာမှာ “ကျနော် တကယ်ကို မသိပါဘူး။ ပြီးခဲ့တဲ့လက ဒါမှမဟုတ် အဲဒီလောက်ထိ အပြုသဘော ဆောင်တဲ့ ဆောင်းပါးတွေအများကြီးမရှိခဲ့ပါဘူး။ အရာရာက အနည်းငယ် ပြောင်းလဲသွားမယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ထင်ကြေးပေးပြီး လူတွေက မေးခွန်းထုတ်တာတွေ အများကြီးရှိသေးတာကိုတော့ နားလည်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကို နာမည်ကျော် ကစားသမားတဦးဖြစ်တဲ့ အန်ဒီမာရေးလည်း ဝင်ရောက် ယှဉ်ပြိုင်နေပြီး အိုကွန်နယ်လ်ကို အနိုင်ရကာ ဒုတိယအဆင့်တက်ရောက်သွားပြီဖြစ်ပါတယ်။