CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
မန်ချက်စတာယူနိုက်တက် အသင်းကနေ ဘယ်တော့မှ မထွက်ခွာချင်ဘူးလို့ အသင်းဟောင်း နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲ မတိုင်ခင်မှာဘဲ ဒီဂီယာက ပြောလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ အသလက်တီကို အသင်းတို့ဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
ဒီဂီယာဟာ ငယ်ဘဝကလပ်ဖြစ်တဲ့ အသလက်တီကို အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ၂၀၁၁ ထဲက ရောက်ရှိ လာခဲ့တာပါ။ လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းမှာရှိတဲ့ ကစားသမားတွေထဲမှာ သူဟာ သက်တမ်း အကြာဆုံး ကစားသမားအဖြစ် နောက်ခံလူ ဖီးလ်ဂျုံးစ်နဲ့အတူ ရှိနေတာဖြစ်ပါတယ်။
ဒီဂီယာဟာ ၂၀၁၅ တုန်းက ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းမှာပဲ ဆက်ရှိခဲ့တာပါ။
ဒီဂီယာက “ကျနော် မက်ဒရစ်မှာ မွေးတာကို သဘောကျပေမယ့် အဆုံးသတ်မှာတော့ ဒါဟာ မြို့တစ်မြို့အနေနဲ့ပဲ ရှိတာပါ။ အခု ကျနော့်ကိုယ် ကျနော် မန်ချက်စတာသား တစ်ယောက်လို့ ခံစားနေရပါတယ်။ ခင်ဗျားကိုယ် ချစ်ခင်နှစ်သက်နေတဲ့ နေရာက ခင်ဗျားရဲ့ အိမ်ပါပဲ။ ကျနော် ဒီမှာ နှစ်အတော်ကြာအောင် ရှိနေတာဖြစ်ပြီး ဘောလုံးလောကနဲ့ ဘဝမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သိပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျနော်ဟာ ယူနိုက်တက်နဲ့ အဝေးကြီးမှာကို မမြင်မိပါဘူး” လို့ ပြောခဲ့ပါတယ်။
မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်နဲ့ ဒီဂီယာကိုတွေ့ရစဉ်(The Independent)
ဒီဂီယာဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အသင်းဟောင်း အသလက်တီကိုအသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ။ ဒီဂီယာဟာ စပိန်ကလပ်နဲ့အတူ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ရခဲ့တာဖြစ်ပါ တယ်။
ဒီဂီယာက “ကျနော်ဆိုပြီး ဖြစ်ခွင့်ရခဲ့တဲ့ ကလပ်အသင်းဆီကို ပြန်သွားပြီး ယှဉ်ပြိုင်ရတော့မှာပါ။ လူတိုင်းက ကောင်းမွန်စွာ ကစားချင်ကြပါတယ်။ ဒါက ချန်ပီယံလိဂ် ပွဲဖြစ်တဲ့အတွက် ကျနော်တို့ အနိုင်ရချင်ပါတယ်။ အသလက်တီကိုအသင်း အကောင်းဆုံး ဖြစ်ပါစေလို့တော့ ဆန္ဒပြုချင်ပါတယ်။ အားလုံးက အနိုင်ရဖို့ သွားနေကြတာဖြစ်ပြီး ကျနော်လည်း အပါအဝင် ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီဂီယာနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားကတော့ စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်ရှိချင်နေတာလည်း ဖြစ်ပါတယ်။ ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်တို့ကို ရယူထားတာ ဖြစ်ပါတယ်။
Source: The Sun