CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

၂၀၂၂ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအသင်းဟာ အုပ်စု(B)မှာ ဗီယက်နမ်၊ သြစတြေးလျ၊ တီမောတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု(A)မှာတော့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းတို့ ကျရောက်နေခဲ့တာပါ။ ဒီပြိုင်ပွဲကို ဧပြီ ၃ ရက် ကနေ ၁၂ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးရတဲ့ (၃)သင်းဟာ အခုနှစ်ကုန်ပိုင်း ကူဝိတ်နိုင်ငံမှာ ကျင်းပမယ့် အာရှဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကတော့ ဇန်နဝါရီ ၂၃ ရက်က စတင် ပြီး ကစားသမား ၂၂ ဦးနဲ့ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မြန်မာဖူဆယ် အသင်းဟာ ထိုင်းနိုင်ငံမှာ မတ်လအတွင်း ကျင်းပမယ့် NSDF ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ် ပြိုင်ဖို့ စီစဉ်ထားတာပါ။ ဒီပွဲကိုတော့ မတ်လ ၁၅ ရက်ကနေ ၂၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းနဲ့အတူ အိမ်ရှင် ထိုင်း၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်နဲ့ အိုမန်အသင်းတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အုပ်စုပွဲစဉ်ဇယားကိုတွေ့ရစဉ်(MFF)

မြန်မာအသင်းဟာ ဒီပြိုင်ပွဲအပြီးမှာ အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံမှာပဲ ဆက်လက်လေ့ကျင့်ကာ ခြေစမ်းပွဲတွေ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို (၁၆)ကြိမ် ကျင်းပပြီးရာ ထိုင်းအသင်းက (၁၅)ကြိမ် ဗိုလ်စွဲထားပြီး အင်ဒိုနီးရှား အသင်းက (၁)ကြိမ် ဗိုလ်စွဲထားတာပါ။

မြန်မာ အသင်းကတော့ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၆ က ဒုတိယရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အာရှ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၈ က ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ဖူးပြီး အုပ်စုနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။