CNI Sport News
၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၈
ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို က မက်ဆီ ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာကို သံသယမရှိဘူးလို့ လိုင်လီ အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်အပြီးမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းက လိုင်လီ အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ် ပါတယ်။
မက်ဆီ ဟာ ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းအတွက် (၁)ဂိုးသွင်းယူနိုင်ခဲ့သလို (၁)ဂိုးဖန်တီးနိုင်ခဲ့သူပါ။ မက်ဆီ အတွက် တော့ ဒီ ဂိုးဟာ နိုဝင်ဘာလကတည်းက ပီအက်စ်ဂျီအတွက် ပထမဆုံးသွင်းယူတဲ့ ဂိုးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီ ဟာ (၂၀၀၅)ကတည်းက အခုအချိန်ထိ ပြက္ခဒိန်နှစ်အတိုင်း ဂိုးသွင်းယူနိုင်တဲ့ သူ့ရဲ့မှတ်တမ်းကို ဆက်ထိန်း နိုင်ခဲ့တာပါ။ အာဂျင်တီးနား ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်း ကို အလွတ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအချိန်ထိ ခြေစွမ်းတသမတ်တည်းမရှိလို့ ဝေဖန်ခံနေရတာ ဖြစ်ပါ တယ်။
ပိုချက်တီနို က “ကျနော် သံသယမဖြစ်ပါဘူး။ လီယိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဆိုတာကိုပါ။ ဘယ်သူမဆို လိုက်လျောညီထွေဖြစ်ဖို့အတွက် အချိန်လိုပါတယ်။ ကိုဗစ်ကြောင့် တလကြာ မကစားခဲ့ရလို့ သူ့ရဲ့ အကောင်းဆုံး ရုပ်သဏ္ဍာန်ကို ပြန်ရဖို့ အချိန်လိုအပ်ပါတယ်။ မက်ဆီအနေနဲ့ ဒီလိုပါဝင်နိုင်ဖို့နဲ့ ခြေစွမ်းတွေ ပြသ နိုင်ဖို့ အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီ ဟာ ဒီရာသီမှာ ဒဏ်ရာအခြေအနေနဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲသာ ပါဝင်ကစားထားပြီး (၇)ဂိုးသွင်းယူထားတာပါ။ ဘာစီလိုနာ ကစားသမားဟောင်း ဟာ လီဂူးဝမ်းမှာ (၂)ဂိုးနဲ့ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ အပတ်က နိုက်စ် အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် လိုင်လီ အသင်းနဲ့ပွဲက အနိုင်ရရှိမှုဟာ ပြီးပြည့်စုံတဲ့ တုံံ့ပြန်မှု ဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ပီအက်စ်ဂျီ အသင်းဟာ လီဂူးဝမ်းပြိုင်ပွဲမှာ ဒုတိယနေရာက မာဆေးလ်အသင်းကို (၁၃)မှတ်ဖြတ်ပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ အခုတပတ်မှာ ရီးနတ်စ်အသင်းနဲ့ လီဂူးဝမ်း ပွဲစဉ်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ရီးရယ်လ် အသင်းနဲ့ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal