CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းဟာ တရုတ်တိုင်ပေ အသင်းကို အနိုင်ရပြီး (၂၀၂၃) ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ကာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အာရှ ဖလား အမျိုးသမီးပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ ဗီယက်နမ် အသင်းဟာ ဒီ အဆင့်ကနေပဲ ထွက်ခွာခဲ့ရတဲ့ ထိုင်း၊တရုတ်တိုင်ပေ အသင်းတို့နဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ပလေးအောဖ့် ပွဲစဉ်တွေကို ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ တရုတ်တိုင်ပေ အသင်းတို့ဟာ ထိုင်း အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဗီယက်နမ် အသင်းက ၂ ဂိုး-၁ ဂိုးနဲ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ကာ ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။ တရုတ်တိုင်ပေနဲ့ ထိုင်း အသင်းတို့ကတော့ (၂၀၂၃) ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် နောက်ထပ်ပလေးအောဖ့် အဆင့်ပွဲစဉ်တွေ ထပ်မံယှဉ်ပြိုင်ရဦးမှာပါ။
ဗီယက်နမ် အမျိုးသမီးအသင်းနည်းပြ မိုင်ဒူ့ချွန် က ”ကျနော့် ကစားသမားတွေကို အလွန်ဂုဏ်ယူမိပါတယ်။ သူတို့ ဟာ ဒီနေ့လို အောင်ပွဲရဖို့အတွက် အလွန်ကြိုးစားကစားခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ လာမယ့်နှစ် အမျိုး သမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါပြီ။ ဒါဟာ အလွန်ခမ်းနားကြီးကျယ်တဲ့ ရလဒ်တခုပါပဲ။ ကစား သမားတွေ အလွန်ပျော်ရွှင်နေကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါ တယ်”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဗီယက်နမ် အသင်းဟာ အမျိုးသမီးအာရှဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်မှာ ဂျပန်နဲ့ တောင်ကိုရီးယား အသင်း တွေကို အရေးနိမ့်ပြီး မြန်မာအသင်းနဲ့ သရေကျကာ အုပ်စုတတိယအကောင်းဆုံးနဲ့ နောက်တဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုင်ဒူ့ချွန် က “ကစားသမားတွေ၊ ဝန်ထမ်းတွေအားလုံးရဲ့ တွန်းအားပေးမှုမပါရင် ဒီ အောင်မြင်မှုကို ရယူနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ ဟာ ဒီပြိုင်ပွဲကို စတင်ခဲ့ရာမှာ နှေးကွေးခဲ့ပေမယ့် နောက်ဆုံးနှစ်ပွဲက ကျနော် တို့အတွက် တကယ်ကို ကောင်းခဲ့တာပါ။ ကစားသမားတွေအတွက် အလွန်ဂုဏ်ယူပါတယ်။ သူတို့ကိုယ် သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန် က အိမ်ရှင်အဖြစ် ကျင်းပမယ့် (၂၀၂၃) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗီယက်နမ် အသင်း မတိုင်ခင် အာဆီယံအသင်းတစ်သင်းဖြစ်တဲ့ ဖိလစ်ပိုင် အသင်းကလည်း ယှဉ်ပြိုင်ခွင့်ရရှိထားတာပါ။ ဖိလစ်ပိုင် အသင်းကလည်း ဗီယက်နမ် အသင်းလိုပဲ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
Source:AFC