နှစ်ပေါင်း ၆ဝ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အာဖရိကဖလား ဆီနီဂေါ ရယူနိုင်ခဲ့ပြီ
CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဆီနီဂေါ အသင်းဟာ ဖေဖော်ဝါရီ(၇)ရက် မနက်ပိုင်းက အာဖရိကဖလား ဗိုလ်လုပွဲအဖြစ် အီဂျစ် အသင်းနဲ့ ကစား ခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် အာဖရိကဖလားကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန်(၇)မိနစ်မှာ ဆီနီဂေါ အသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး မာနေးရဲ့ ကန်သွင်းမှုကို အီဂျစ်ဂိုးသမား ဂါဘာစကီး က ကာကွယ်သွားနိုင်ခဲ့တာပါ။ ဒီပွဲမှာ (၂)သင်းလုံးရဲ့ ဂိုးသမားတွေဟာ လက်စွမ်းတွေ ပြသခဲ့တာ ကြောင့် ပွဲချိန်အတွင်းမှာရော အချိန်ပိုမှာပါ ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပင်နယ်တီ အဆုံး အဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ဆီနီဂေါ အသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဆီနီဂေါ အသင်းအတွက်တော့ နောက်ဆုံးဗိုလ်လုပွဲတက်ခဲ့တဲ့ (၂)ကြိမ်လုံး အရေးနိမ့်ခဲ့တာကို ချေဖျက်ပြီး ဒီ တကြိမ်မှာတော့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီဂျစ် အတွက်တော့ အာဖရိကဖလားကို စံချိန်တင် (၈)ကြိမ်မြောက် ရယူနိုင်ဖို့နဲ့ ဆာလတ်အတွက် ပထမဆုံးအကြိမ် ရယူနိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ် ခဲ့ရတာဖြစ်ပါတယ်။
ဆီနီဂေါ အသင်းနည်းပြ ဆစ်ဆီ က “ခင်ဗျားအနေနဲ့ အလုပ်ကြိုးစားပြီး ဇွဲရှိနေမယ်ဆိုရင် ခင်ဗျားတို့ လိုချင်တာကို ရလိမ့်မယ်ဆိုတာကို ပြသနေပါတယ်။ ကျနော် အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုရင် ဆီနီဂေါ ပြည်သူတွေဟာ ဒီဆုဖလားကို လိုချင်နေတာ နှစ်ပေါင်း(၆၀)ကျော် ကြာပြီမို့လို့ပါ”လို့ ပြောခဲ့ပါတယ်။
ဆီနီဂေါ အသင်း အာဖရိကဖလားရယူနိုင်ခဲ့တာကြောင့် မြို့တော် ဒါကာ မှာ ပရိသတ်တွေဟာ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာလည်းဖြစ်ပါတယ်။ ဆီနီဂေါ သမ္မတ မက်ကီဆောလ် က “အာဖရိကချန်ပီယံတွေ၊ မင်းတို့ တကယ်ကိုလုပ်နိုင်ခဲ့ပြီ။ ဘောလုံးပွဲရဲ့ လှပတဲ့ အခိုက်အတန့်တွေ၊ ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေနဲ့ နိုင်ငံရဲ့ ဂုဏ်ယူစရာတွေပါ။ ကျနော်တို့ရဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။
ဒီ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို မာနေး က ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို ဆီနီဂေါ အသင်း ဂိုးသမား မန်ဒီက ရရှိခဲ့တာပါ။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုတော့ ကင်မရွန်း အသင်းခေါင်းဆောင် အဘူဘာ ကာ က (၈)ဂိုးသွင်းယူပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီဂျစ်နဲ့ ဆီနီဂေါ အသင်းတို့ ဟာ မတ်လမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအောဖ့် အဆင့်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး မကျေပွဲအဖြစ် ပြန်လည်တွေ့ဆုံရတော့မှာပါ။
(၂၀၂၃) မှာ ကျင်းပမယ့် (၃၄)ကြိမ်မြောက် အာဖရိကဖလားပြိုင်ပွဲကိုတော့ အိမ်ရှင်အဖြစ် အိုင်ဗရီကို့စ် နိုင်ငံက လက်ခံပြီး ကျင်းပသွားမှာဖြစ်ပါတယ်။
Source:BBC