CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီကို ဇနီးဖြစ်သူ ကောလင်းက တစ်ဦးတည်း အပြင်သွားတာကို တားမြစ် ပိတ်ပင်ထားတယ်လို့ The Sun က ဖော်ပြပါတယ်။
ကောလင်းက သူတို့ ၂ ဦးရဲ့ ၁၃ နှစ်ကြာ အိမ်ထောင်ရေးကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့အတွက် အခုလို ပြုလုပ်တာလို့ သူမရဲ့ သူငယ်ချင်းတွေက ထုတ်ဖော် ပြောခဲ့တာပါ။ ကလေး ၄ ဦးရဲ့ မိခင်ဖြစ်သူ ကောလင်းဟာ ဝိန်းရွန်နီရဲ့ သူငယ်ချင်းတွေကို မယုံကြည်သလို မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားကို တာဝန်ယူမှုအပြည့်နဲ့ လူကြီးတစ်ဦးရဲ့ ပုံစံအတိုင်း နေစေချင်နေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဝိန်းရွန်နီကို စောင့်ကြည့်ဖို့ သူ့အစ်ကို ဂျိုး ဒါမှမဟုတ် ယုံကြည်ရတဲ့သူ တစ်ဦးဦးကို တာဝန် ပေးထားတာပါ။ ဝိန်းရွန်နီနဲ့ ကောလင်းတို့ရဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေရှိပြီး အများစုကတော့ အင်္ဂလန်ဂန္တဝင်ကစားသမားရဲ့ အရက်သေစာ သောက်စားမှုနဲ့ မိန်းမတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ခုက “သူတို့တွေရဲ့ အဆင်မပြေမှုမှာ အရက်သေစာ သောက်စားတာက အဓိကအကြောင်း အရာပါပဲ။ မူးလာပြီဆိုရင် ဆိုးရွားတဲ့ အရာတွေဖြစ်တာကို သူသိပါတယ်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချတယ်ဆိုတာကိုလည်း သူသိပါတယ်။ အထူးသဖြင့် အရက်နဲ့ ပတ်သက်လာပြီဆိုရင် ကောလင်းဟာ သူ့ကို ဒါမှမဟုတ် သူနဲ့ အပြင်ထွက်တဲ့ သူတိုင်းကို အယုံအကြည် မရှိပါဘူး”လို့ ပြောခဲ့တာပါ။
ဝိန်းရွန်နီနဲ့ဇနီးဖြစ်သူ ကောလင်းကိုတွေ့ရစဉ်(The Sun)
ကောလင်းက ဝိန်းရွန်နီ သွားတဲ့နေရာကို လိုက်တာဟာ အမှားအယွင်း ဖြစ်တာကနေ ကယ်တင်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဝိန်းရွန်နီဟာ မလုံမခြုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးတွေနဲ့အတူ တန်ဖိုးနည်းတဲ့ ဟိုတယ် တစ်ခုမှာ အိပ်ပျော်သွားခဲ့ပြီးနောက် ကောလင်းနဲ့ ဒါဘီအသင်းကို တောင်းပန်ခဲ့ရတာပါ။ ဝိန်းရွန်နီဟာ လက်ရှိ အချိန် မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါဘီအသင်းကို ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။
ဒါဘီအသင်းဟာ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်ချုပ်မှုပိုင်းက ဝင်ရောက်ခဲ့ရတာကြောင့် ရမှတ် ၂၁ မှတ်အထိ လျှော့ခံခဲ့ရ တာပါ။ ဝိန်းရွန်နီကတော့ ဒါဘီအသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ကြိုးစားပေးနေတာဖြစ်ပြီး လက်ရှိ အချိန်မှာ အသင်းဟာ အမှတ်ပေးဇယား အဆင့် ၂၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။