CNI Sport News

၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၈

အာဖရိကဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဆီနီဂေါအသင်း အိမ်ပြန်လာတာမှာ လူဦးရေ သောင်းချီ သော ပရိသတ်တွေဟာ လမ်းမကြီးတွေအပြည့်မှာ သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ကြပါတယ်။

ဆီနီဂေါအသင်း မြို့တော် ဒါကာကို ပြန်လာခဲ့တာမှာ လမ်းမကြီးတွေမှာ ပြည့်နှက်နေတဲ့ ပရိသတ်တွေဟာ ပျော်ရွှင်စွာ ကြိုဆိုခဲ့ ကြတာ ဖြစ်ပါတယ်။ ချန်ပီယံဆုရ အသင်း မိခင်နိုင်ငံကိုပြန်အလာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်တဲ့ သူတွေထဲမှာ ဆီနီဂေါ သမ္မတ မက်ကီဆောလ်လည်း ပါဝင်ခဲ့ပါတယ်။
ဆီနီဂေါအသင်း နည်းပြဆစ်ဆီ အောင်ပွဲခံဘတ်စ်ကား အမိုးပေါ်မှာ ဆုဖလားကို ကိုင်မြှောက်လိုက်တဲ့အချိန် လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပါတယ်။

“ဒါက လမ်းပေါ်က ပါတီတစ်ခုပါ။ ဆီနီဂေါမှာ ဒီလိုမျိုး တစ်ခါမှ မြင်ဖူးမယ် မထင်ပါဘူး”လို့ ဘီဘီစီ သတင်းထောက် အန်ကိုစီ က ပြောပါတယ်။ ပရိသတ်တွေဟာ ကစားသမားတွေကို အလုအယက် နှုတ်ဆက်ခဲ့ကြပြီး အသင်းရဲ့ ဘတ်စ်ကားသွားတဲ့ လမ်းကြောင်း တလျှောက်ကိုလည်း အပြေးအလွှား လိုက်ခဲ့ကြပါတယ်။

အသက်(၁၇)နှစ်အရွယ်ရှိ ကျောင်းသူကလည်း ဒီဆုဖလားကို ရရှိဖို့ ဆီနီဂေါ ပြည်သူတွေ နှစ်ပေါင်း ၆၀ ကျော် စောင့်ဆိုင်းခဲ့ ရပြီး ဒါဟာ သူတို့နဲ့ ထိုက်တန်ပါတယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆီနီဂေါအသင်းကိုတွေ့ရစဉ်(EPA)

ဆီနီဂေါအသင်းဟာ အီဂျစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရတဲ့အချိန်မှာပဲ ဆီနီဂေါ ပရိသတ် အများအပြားဟာ မြို့တော် ဒါကာရဲ့ လမ်းမပေါ်မှာ ပျော်ရွှင်စွာ မီးရှုးမီးပန်းတွေ ပစ်လွှတ်ကာ ကခုန်ခဲ့ကြပါတယ်။ ဆီနီဂေါ အာဏာပိုင်တွေက တနင်္လာနေ့ကို နိုင်ငံတော် အားလပ်ရက်နေ့အဖြစ် ကြေညာခဲ့ပါတယ်။

ဆီနီဂေါ အမာခံ ပရိသတ်တစ်ဦးက “ကျနော်တို့ ဒါကို အချိန်အကြာကြီး စောင့်နေခဲ့ရတာပါ။ ဆုဖလားက နောက်ဆုံးတော့ ဒီကို ရောက်ရှိလာပါပြီ။ ကျနော်တို့ တကယ်ကို လိုအပ်နေတာပါ”လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မှာလည်း ဆီနီဂေါပရိသတ် အများအပြား ပျော်ရွှင်နေကြတဲ့ မြင်ကွင်းတွေလည်း တွေ့ရပါတယ်။ ဆီနီဂေါ သမ္မတ မက်ကီဆောလ်ဟာ အင်္ဂါနေ့မှာ အာဖရိက ချန်ပီယံကို တရားဝင် ဧည့်ခံပွဲ ပြုလုပ်နိုင်ဖို့အတွက် နိုင်ငံခြားခရီးစဉ်တွေကို လည်း ခေတ္တဖြတ်တောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆီနီဂေါအသင်းဟာ အခုနှစ်မှာ ကျင်းပတဲ့ ပြိုင်ပွဲမတိုင်ခင် ဗိုလ်လုပွဲကို ၂၀၀၂ နဲ့ ၂၀၁၉ မှာ ၂ ကြိမ် တက်နိုင်ခဲ့ပေမယ့် ၂ ကြိမ် လုံး အရေးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံးဖြစ်ခဲ့တဲ့ အတိုင်းပဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ် ပါတယ်။

Source: BBC