CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဝိန်းရွန်နီ ရဲ့ မှတ်တမ်းရုပ်ရှင်ကို Amazon Prime ကနေ ဖေဖော်ဝါရီ ၁၁ ရက်မှာ တကမ္ဘာလုံးကို ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ ဝိန်းရွန်နီရဲ့ဘဝနဲ့ အသက်မွေးဝမ်းကြောင်းကို မှတ်တမ်းရိုက်ကူးထားတာတွေပါဝင်မှာပါ။ သူ့ဘဝရဲ့ အရေးကြီးဆုံးနဲ့ အရေးပါ ဆုံးသော အခိုက်အတန့်ကာလတွေကို ဆွေးနွေးထားပြီး အွန်နရီ၊ ဒေးဗစ်ဘက်ခမ်းနဲ့ ရီယိုဖာဒီနန်တို့လို နာမည်ကြီး တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဝိန်းရွန်နီ ဟာ သူ့ရဲ့ မွေးရပ် လီဗာပူးလ် မြို့မှာရှိတဲ့ အငယ်တန်းလိဂ်တွေကနေ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာတဲ့အကြောင်းကို ဒီ မှတ်တမ်းရုပ်ရှင်မှာ ပြောပြထားတာပါ။ ဝိန်းရွန်နီ ဟာ ဒီ ရုပ်ရှင် မှာ သူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် ပြောပြထားပါတယ်။ ဇနီးသည်ဖြစ်သူ ကော လင်းကလည်း ဝိန်းရွန်နီရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အခိုက်အတန့်တချို့ကိုလည်း ဒီထဲမှာ ပါဝင်ဆွေးနွေးထား တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီ ရဲ့ မှတ်တမ်းရုပ်ရှင် ကို BAFTA ဆိုတဲ့ ဗြိတိန်ရုပ်ရှင်အကယ်ဒမီဆုရှင် မတ်စမစ် က ရိုက်ကူးထားတာ ဖြစ်ပြီး Lorton Entertainment က ထုတ်လုပ်ခဲ့တာပါ။ ဝိန်းရွန်နီ ဟာ ကစားသမားဘဝအစကို အဲဗာတန် အသင်း မှာ စတင်ခဲ့တာဖြစ်ပြီး အသက်(၁၆)နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲဒီ နောက် ပိုင်းမှာ ၎င်းဟာ သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဝိန်းရွန်နီ ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ် (၅)ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အပါအဝင် ဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဟာ (၂၀၁၇)မှာ အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကြာသာ ကစားကာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ ဝိန်းရွန်နီ ဟာ မေဂျာ လိဂ်မှာ (၂)ရာသီကြာ ကစားခဲ့ကာ အခု လက်ရှိနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဒါဘီ အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဝိန်းရွန်နီ ဟာ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။

Source:TheSun