CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ဝက်စ်ဟမ်းနောက်ခံလူ ဇူးမား ဟာ သူ့အိမ်ရဲ့ မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ မွေးထားတဲ့ ကြောင်ကို ဘောလုံး ကန်သလိုကန်ခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက် တရားစွဲခံရနိုင်တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ဝက်စ်ဟမ်းကြယ်ပွင့်ဟာ အဆိုပါကြောင်ရဲ့မျက်နှာကိုလည်း ရိုက်ခဲ့သေးတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကလည်း ပြင်သစ်နောက်ခံလူရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အသင်းရဲ့အတွင်းပိုင်းမှာ ဒီ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောခဲပါတယ်။ ဝက်စ်ဟမ်း နောက်ခံလူဟာ သူ့ရဲ့ ပေါင်(၂)သန်းတန် အိမ်မှာ ကြောင်ကို အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို သူ့ရဲ့အစ်ကိုဖြစ်သူက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇူးမား ဟာ ကလေးတဦးရဲ့ရှေ့မှာ ကြောင်ကို အခုလို ကန်ခဲ့တာဖြစ်ပြီး ဗီဒီယိုရိုက်နေတဲ့သူကလည်း ရယ်မောနေ ခဲ့တာပါ။

ဇူးမား ကတော့ ဒီဖြစ်ရပ်အတွက် ပြင်းပြင်းထန်ထန်တောင်းပန်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ကျနော့်ရဲ့ လုပ်ရပ်အတွက်တောင်းပန်ချင်ပါတယ်။ အပြုအမူအတွက်လည်း အကြောင်းပြချက်မရှိပါဘူး။ ဒီဗီဒီယိုကြောင့် စိတ်မကောင်းဖြစ်ရတဲ့သူတွေကိုလည်း ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။ ကြောင်(၂) ကောင် လုံးဟာ ဘာမှမဖြစ်ဘူးဆိုတဲ့ အကြောင်းကိုလည်း အာမခံချင်ပါတယ်။သူ တို့ကို ကျနော်တို့ တမိသားစုလုံးက ချစ်ခင်ကြပါတယ်။ ဒီအပြုအမူဟာ နောက်ထပ်တစ်ကြိမ်မဖြစ်လာတော့ပါဘူး”လို့ ပြောခဲ့တာပါ။

ဇူးမားမွေးထားတဲ့ ကြောင်ဟာ Bengal တန်ဖိုးကြီးမားတဲ့ အိမ်မွေးကြောင်အမျိုးအစားဖြစ်ပြီး ကျားသစ်လေး တကောင်နဲ့ တူတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဇူးမားရဲ့ အစ်ကိုဖြစ်သူက ဒီဗီဒီယိုကို ဝက်စ်ဟမ်း အသင်း ရဲ့အက်ဖ်အေဖလားပွဲအပြီး နောက်တရက်မှာ Snapchat မှာ တင်ခဲ့တာပါ။ တိရစ္ဆာန်စောင့်ရှောက်ရေး ပရဟိတ အဖွဲ့ကတော့ ဇူးမားရဲ့ ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပါတယ်။

ဇူးမား ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီး အသင်းကနေ ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး လန်ဒန်ကလပ်အတွက် (၁၄)ပွဲ ပါဝင်ကစားထားကာ (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:TheSun