CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁
ဘရန်ဖို့ဒ်အသင်းဟာ ဒိန်းမတ်နဲ့ စပါးကွင်းလယ် ကစားသမားဟောင်း အဲရစ်ဆန်ကို (၆)လစာချုပ်ချုပ်ပြီး ခေါ်ယူလိုက်ပါ တယ်။ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နှလုံးရပ်သွားခဲ့ပြီးကတည်းက အခု အချိန်ထိ ပွဲမကစားရသေးတာ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ နှလုံးခုန်နှုန်းထိန်းတဲ့စက်ကို တပ်ဆင်ထားရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အင်တာမီလန်အသင်းက အဲရစ်ဆန်နဲ့ (၂)ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
စီးရီးအေပြိုင်ပွဲမှာ နှလုံးခုန်နှုန်း ထိန်းတဲ့စက်(ICD) တပ်ဆင်ပြီး ကစားတဲ့ ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲရစ်ဆန်ဟာ စီးရီးအေ လက်ရှိ ချန်ပီယံအသင်းကနေ ထွက်ခွာခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ပါ။
အဲရစ်ဆန်ဟာ ကြံ့ခိုင်မှုပိုင်းတွေ ပြန်လည် ကောင်းမွန်ဖို့အတွက် အသင်းဟောင်း အေဂျက်ဇ်နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေအပြီးမှာ ဘရန်ဖို့ဒ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
အဲရစ်ဆန်က “ဘရန်ဖို့ဒ်နဲ့ လက်မှတ် ထိုးလိုက်ပြီဆိုတာကို ကြေညာရတာ ဝမ်းမြောက်ဝမ်းသာ မိပါတယ်။ စတင်ဖို့ မစောင့် ဆိုင်းနိုင်တော့ပဲ မကြာခင်မှာ အားလုံးနဲ့တွေ့ရမယ်လို့ မျှော်လင့်ကြောင်း”ဗီဒီယို မက်ဆေ့ချ် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် ယူ-၁၇ အသင်းကို ကိုင်တွယ်ခဲ့တုန်းက အဲရစ်ဆန်နဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ဘရန်ဖို့ဒ် နည်းပြ သော်မတ်ဖရန့်ခ်ကလည်း စပါး ကစားသမားဟောင်းကို ကြိုဆိုခဲ့ပါတယ်။
အဲရစ်ဆန်ကို အင်တာမီလန်အသင်းမှာ ကစားခဲ့တုန်းက တွေ့ရစဉ်။(Transfermarkt)
သော်မတ်ဖရန့်ခ်က “ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို ဘရန်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ မယုံနိုင်စရာ ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခုကို ကျနော်တို့ ရယူနိုင်ခဲ့ပါတယ်။ သူဟာ အသင်းနဲ့အတူ (၇)လကြာ အလုပ်မလုပ်ခဲ့ရပေမယ့် သူ့ကိုယ်ပိုင် လေ့ကျင့်မှု တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ကြံ့ခိုင်မှုတွေ ရနေပေမယ့် ကျနော်တို့ဘက်က သူ့ကို လိုက်လျောညီထွေဖြစ်အောင် ထိန်း ထားဖို့ လိုအပ်ပြီး သူ့ရဲ့ အမြင့်ဆုံးအဆင့်ကို ပြန်ရောက်ဖို့ အားလုံးနဲ့ လက်တွဲပြီး မြင်ရဖို့ မျှော်လင့်ပါတယ်။ သူဟာ ဘောလုံးပွဲ တွေကို အဆုံးအဖြတ် ပေးနိုင်စွမ်းရှိပြီး သူဟာ မှန်ကန်တဲ့ ပေးပို့မှုတွေနဲ့ ဂိုးပေါက် ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်တယ်”လို့ ပြောခဲ့ တာ ဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ အပြောင်းအရွှေ့ အသေးစိတ်ကို အမ်စတာဒမ်မှာ အပြီးသတ် နိုင်ခဲ့တာဖြစ်ပြီး ကစားသမားဟာ မကြာခင် ရက် ပိုင်းအတွင်းမှာ အသင်းနဲ့အတူ လာရောက် ပူးပေါင်းမှာဖြစ်တယ်လို့ ဘရန်ဖို့ဒ်အသင်းက ပြောထားခဲ့တာပါ။ ဒိန်းမတ် ကစား သမားဟာ ဒီတစ်ပတ်ထဲမှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မှာမဟုတ်ပဲ လာမယ့်အပတ်မှသာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင် မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲရစ်ဆန်ရဲ့ အသင်းဟောင်း စပါးအသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပရီးမီးယားလိဂ်မှာ ပြန်မြင်တွေ့ရမှာ အလွန် ကောင်းမွန်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင် အသင်းအတွက် ၁၀၉ ပွဲ ပါဝင်ကစားထား တဲ့ အဲရစ်ဆန်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားချင်တဲ့ သူ့ရဲ့အိမ်မက်ကို ထုတ် ဖော် ပြောကြားထားတာလည်း ဖြစ်ပါတယ်။
Source: Daily Mail