CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

ဖိလစ်ပိုင် အမျိုးသမီးအသင်းဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။ ဖိလစ်ပိုင် အမျိုးသမီးအသင်းဟာ လက်ရှိကျင်းပနေတဲ့ အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့်ကို တက်သွား နိုင်ခဲ့တာကြောင့် ၂၀၂၃ မှာ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အမျိုးသမီးအသင်းသည် ကွာတားဖိုင်နယ်မှာ တရုတ်တိုင်ပေ အသင်းကို အနိုင်ရရှိခဲ့တာပါ။

ဖိလစ်ပိုင် အမျိုးသမီးအသင်းဟာ တရုတ်တိုင်ပေ အသင်းနဲ့ ပွဲချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားတာမှာလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ပင်နယ်တီမှာ ဖိလစ်ပိုင် အမျိုးသမီးအသင်းက ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ ဖိလစ်ပိုင် အသင်း ဟာ အကြိုဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၃ ရက်မှာ အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အမျိုးသမီးအသင်းကိုတွေ့ရစဉ်။(AFC)

ဖိလစ်ပိုင် အသင်းနည်းပြ စတာဂျစ်က “ဒါဟာ ဒီအဖွဲ့ရဲ့ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပြီး တိုင်းပြည်အတွက် သမိုင်း ဝင် အခိုက်အတန့်ပါပဲ။ အခုအချိန်မှာ ဖိလစ်ပိုင်ကို အိမ်ပြန်ရောက်တဲ့ ကလေးတိုင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုယ်တိုင်သွား နိုင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒီအစုအဖွဲ့ဟာ တစ်ဦးနဲ့ တစ်ဦးကို ဂုဏ်ယူစရာဖြစ်ပြီး မျိုးဆက်သစ်တွေ အနေနဲ့ သူတို့ ကို အတုယူရမှာကို ပိုပြီး ဂုဏ်ယူမိတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အမျိုးသမီးအသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ပြင်ဆင်မှု အားကောင်းကောင်းနဲ့ တစ်ရှိန်ထိုး တိုးတက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဆီယံဒေသတွင်း အသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ် တို့ကို ကျော်ဖြတ်ပြီး ဝင်ခွင့်ရရှိခဲ့တာပါ။ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ကတော့ ခြေစစ်ပွဲကစားရမှာဖြစ်ပြီး ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက် အနည်းငယ် ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၂၃ မှာ ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန်က ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ အိမ်ရှင် အသင်းတွေဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီယန်တို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်းကတော့ အမေရိကန်ဖြစ်ပြီး နယ်သာလန်ကို အနိုင်ရရှိပြီးတော့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

Source: AFC Women Cup