CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

စပိန်နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်ဟာ သြစတြေးလျအိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မက်ဗီးဒပ်ဖ်ကို အနိုင်ရပြီး ဂရမ်းဆလမ်းဆုဖလား အများဆုံးရ အမျိုးသားတင်းနစ်ကစားသမားဖြစ်လာခဲ့ပါတယ်။

ရာဖေးလ်နာဒယ်လ်ဟာ ဒီပွဲမှာ မက်ဗီးဒပ်ဖ်ကို ၂-၆၊ ၆-၇၊ ၆-၄၊ ၆-၄၊ ၇-၅ နဲ့ အနိုင်ရပြီး သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။နာဒယ်လ်ဟာ သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။ စပိန်တင်းနစ်အကျော်အမော်ဟာ သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ၂၀၀၉ က ပထမဆုံးအကြိမ် ရယူထားတာဖြစ်ပါတယ်။

နာဒယ်လ်ဟာ အခုနှစ် သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ရယူနိုင်တာကြောင့် ဂရမ်းဆလမ်းဆုဖလားကို စံချိန်တင် ၂၁ ကြိမ် မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။ နာဒယ်လ်အနေနဲ့ ဒီပြိုင်ပွဲမတိုင်ခင်က ဂျိုကိုဗစ်၊ ဖက်ဒဲရားတို့နဲ့အတူ ဂရမ်းဆလမ်းဆုဖလား အကြိမ် (၂၀)စီ ရယူထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် (၁)ကြိမ် အသာရသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နာဒယ်လ်ဟာ တင်းနစ်သမိုင်းမှာ ဂရမ်းဆလမ်းအများဆုံးရ အမျိုးသားတင်းနစ် ကစားသမားအဖြစ်လည်း မှတ် တမ်း တင်နိုင်ခဲ့တာပါ။ နာဒယ်လ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဒုတိယရာသီဝက်ကို လွဲချော်ခဲ့တဲ့အတွက် ဒီ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။

                                                                                         နာဒယ်လ်နဲ့ဂျိုမက်ဗီးဒပ်ဖ်ကိုတွေ့ရစဉ်(Sport)

ဒါပေမယ့် စပိန်ကစားသမားဟာ ဝင်ရောက် ယှဉ်ပြိုင် ပြီး ချန်ပီယံဆုဖလား အပါအဝင် စံချိန်မှတ်တမ်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။
နာဒယ်လ်ရဲ့ အောင်မြင်မှုကို ဂျိုကိုဗစ်နဲ့ ဖက်ဒဲရားတို့က ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

နာဒယ်လ်က “ကျနော် ဘာပြောရမှန်း မသိပါဘူး။ ကျနော့်အတွက်တော့ ဒါဟာ အံသြစရာပါပဲ။ ရိုးရိုးသားသား ပြောရရင် လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကျနော် တင်းနစ်ပြိုင်ပွဲကို ပြန်လာနိုင်မလားဆိုတာတောင် မသိခဲ့ပါဘူး။ ဒီနေ့မှာတော့ ဒီဆုဖလားနဲ့ ခင်ဗျားတို့ ရှေ့မှာရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေအတွက် ကျနော်ကျေးဇူးတင် ပါတယ်။ ဒါဟာ ကျနော့် ကစားသမားဘဝရဲ့ စိတ်ခံစားမှု အရှိဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်”လို့ ပြောပါတယ်။

မက်ဗီးဒပ်ဖ်ကတော့ သြစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ (၂)နှစ်ဆက်တိုက် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ရုရှား တင်းနစ် ကစားသမားဟာ ဂရမ်းဆလမ်းဆုဖလား အောင်မြင်မှုအဖြစ် ပြီးခဲ့တဲ့နှစ်က အမေရိကန်အိုးပန်း ချန်ပီယံဆု တစ်ကြိမ်တည်း သာ ရယူထား နိုင်သေးပါတယ်။

Source: Daily Mail