၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉
ဝိန်းရွန်နီ ဟာ တန်းဆင်းဇုန်ကနေ ရုန်းကန်နေရပြီး အခက်အခဲတွေများစွာရှိနေတဲ့ ဒါဘီ အသင်းကနေ မထွက်ခွာ ချင်တာကြောင့် အသင်းဟောင်း အဲဗာတန် အသင်းရဲ့နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ အဲဗာတန် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဘင်နီတက်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာပါ။
ဝိန်းရွန်နီ ဟာ အဲဗာတန် အသင်းရဲ့ နည်းပြသစ်ခန့်အပ်မယ့် နည်းပြစာရင်းထဲမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဟာ အဲဗာတန်လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး မာဆေး ဆိုဒ်ကလပ်မှာ (၂)ကြိမ်ကစားခဲ့တာပါ။ အခုအချိန်မှာတော့ အသင်းဟောင်း က ၀ိန်းရွန်နီ ကို နည်းပြအဖြစ် ခန့်အပ် ဖို့ ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝိန်းရွန်နီ က ဒါကို ပယ်ချသွားခဲ့တာပါ။
ဝိန်းရွန်နီ က “အဲဗာတန် က ကျနော့် အေးဂျင့်ကို ချဉ်းကပ်ပြီး အလုပ်အတွက် အင်တာဗျုးဖြေပေးဖို့ တောင်းဆို ခဲ့ပေမယ့် ကျနော်က ဒါကို ပယ်ချခဲ့ပါတယ်။ ဒါဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ ကျနော် ပရီးမီးယားလိဂ် မန်နေဂျာ ဖြစ်လာမယ်လို့ ယုံကြည်မှုရှိပြီး အဲဒီအတွက်လည်း (၁၀၀)ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပါပြီ။ အဲဗာတန်ကို လာခဲ့မယ်ဆိုရင် အလွန်ကောင်းမှာဖြစ်ပေမယ့် ဒါဘီမှာ ကျနော့်အလုပ်ရှိပါတယ်။ ဒါက ကျနော့်အတွက် ပိုပြီး အရေးကြီးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါဘီအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် စက်တင်ဘာလကတည်းက အုပ်ချုပ်မှုပိုင်းကို လွှဲပြောင်း ပေးခဲ့ရပြီး ရမှတ်(၂၁)မှတ် အလျှော့ခံခဲ့ရတာပါ။ အဲဒါကြောင့် ဒါဘီ အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမှတ်ပေး ဇယား အောက်ဆုံးမှာ ရမှတ် အနုတ်နဲ့စတင်ခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒါဘီအသင်းဟာ ဝိန်းရွန်နီ ရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ရမှတ်(၁၄)မှတ်အထိ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၂၃)အထိ တဆင့် တက် နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဝိန်းရွန်နီ ကတော့ ဒါဘီ အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်တဲ့အထိ အကောင်းဆုံးကြိုးစားပေးမယ်လို့ ကတိပေးထားခဲ့တာပါ။ အဲဒါကြောင့်လည်း အဲဗာတန် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အဲဗာတန် အသင်းကတော့ လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းနည်းပြဟောင်း လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ရှိနေတယ်လို့ သတင်းတွေအများအပြားမှာ ဖော်ပြထားပါတယ်။ အဲဗာတန် အသင်းဟာ ဒီ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး ရမှတ်(၁၉)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: BBC