၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ကတော့ တူရင်မှာ ဆေးစစ်မှုအောင်မြင်ပြီးနောက် ဂျူဗင်တပ်စ် အသင်းကို ပေါင် ၆၂ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ကြီးမားတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားက ငြင်းပယ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ဟာ သူ့ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၄ နှစ် စာချုပ်ချုပ်ဆို ခဲ့တာပါ။ အာဆင်နယ် အသင်းကတော့ အသင်းရဲ့ တိုက်စစ်ကစားသမား လိုအပ်ချက်ကြောင့် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ကစားသမားက အာဆင်နယ်အသင်းထက် ချန်ပီယံလိဂ် ပုံမှန်ကစားခွင့်ရမယ့် ဂျူဗင်တပ်စ် အသင်းထံ ပြောင်း ရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကို ရော်နယ်ဒို ပြောင်းရွှေ့သွားပြီးနောက် လစ်လပ်နေတဲ့ ကျောနံပတ် (၇)ဂျာစီကို ဗလာဟိုဗစ်က ဝတ်ဆင်သွားမှာပါ။ ဆားဘီးယား တိုက်စစ်မှူးဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်းအတွက် (၂၄)ပွဲ ပါဝင် ကစားထားပြီး ဂိုး(၂၀)သွင်းယူကာ ဂိုးသွင်းအားကောင်းခဲ့တာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ကိုတွေ့ရစဉ်။ (Sky Sport)

ဗလာဟိုဗစ်က “ဂျူဗင်တပ်စ်က ဂုဏ်ယူမှု၊ အစဉ်အလာနဲ့ မိသားစုကို ကိုယ်စားပြုပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နောက် ဆုံး မိနစ်အထိ အဆင်သင့်ရှိနေခဲ့ပြီး ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး။ နည်းပြနဲ့ အသင်းဖော်တွေအတွက် တက်နိုင်သမျှ အကောင်းဆုံး ကူညီပေးဖို့ ကြိုးစားသွားမှာပါ။ ကျနော်ဟာ အမြဲတမ်း ပိုပြီးလိုချင်သလို အနာဂတ်မှာလည်း ပိုပြီး တိုးတက်ချင် ပါတယ်။ ဒီနေ့က ကျနော့်မွေးနေ့ပါ။ တကယ်ကို ကြည်နူးဖို့ကောင်းတဲ့ နေ့ထူးနေ့မြတ်ပါပဲ။ ဒါက အခုထိ ကြုံတွေ့ဖူးတဲ့ အပျော်ရွှင်ဆုံး မွေးနေ့တွေထဲက တစ်ခုပါ။ ရည်မှန်းချက် ပန်းတိုင်တွေ အားလုံးအတွက် အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ အရာ အားလုံး အဆင်ပြေသွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ဟာ ၂၀၁၈-၁၉ ရာသီက ပါတီဇန်အသင်းကနေ ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေ ကလပ်အတွက် ပွဲပေါင်း ၁၀၈ ပွဲ ပါဝင်ကစားခဲ့ကာ ၄၉ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဆားဘီးယား တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ် အသင်းအတွက် လာမယ့်အပတ်မှာ ကစားမယ့် ဗီရိုနာနဲ့ပွဲစဉ်မှာ စတင်ပွဲထွက် ခွင့် ရဖွယ် ရှိနေတာဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ် တည်နေတာဖြစ်ပြီး အဆင့်(၄)နေရာက အတ္တလန္တာအသင်းနဲ့ (၁)မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source: Daily Mail, Metro