CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

ရော်နယ်ဒို က ချစ်သူဖြစ်သူ ဂျော်ဂျီနာရဲ့ပုံကို ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးမှာ အလှဆင်ပုံဖော်ခိုင်းပြီး မွေးနေ့ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ၎င်းဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မှာ ဂျော်ဂျီနာရဲ့ပုံကို မီးရောင်တွေနဲ့ပုံဖော်ပြီး အလွန်အံအားသင့်ဖွယ်ကောင်းတဲ့လက်ဆောင်ကို ပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နာမည်ကျော် Burj Khalifa မျှော်စင်ရဲ့ မျက်နှာစာမှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဂျော်ဂျီနာရဲ့ မျက်နှာပုံဖော် ထားတာကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့စုံတွဲဟာ ပျော်ရွှင်စွာနဲ့ အဆိုပါ အဆောက်အဦးကို နောက်ခံထားကာ ဓါတ်ပုံတွဲရိုက်ခဲ့ ကြတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုတို့ မိသားစုဟာ ညစာစားရင်းနဲ့ အဆိုပါ အံသြဖွယ်ကောင်းတဲ့ ဗီဒီယိုကို ကြည့်ရှုခံစားခဲ့ကြတာပါ။ ရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့ ၎င်းတို့ရဲ့ကလေး(၄)ဦးတို့နဲ့အတူ နိုင်ငံတကာပွဲတွေကစား နေချိန် အနားယူနေတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ “အများကြီးဂုဏ်ယူပါတယ် ချစ်သူ”ဆိုတဲ့ စာသားကို ပေါ်တူဂီဘာသာနဲ့ ရေးသားခဲ့ပြီး ဗီဒီယိုနဲ့အတူ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တာပါ။

ဒူဘိုင်းက အဆိုပါ အဆောက်အဦးဟာ အရှေ့အလယ်ပိုင်းဒေသ နေရောင်ခြည်အောက်မှာ ဇိမ်ခံဖို့ ကြီးမားစွာ ဆွဲဆောင်မှုရှိတဲ့နေရာဖြစ်ပြီး နာမည်ကျော်သူဋ္ဌေးတွေ လာရောက်လည်ပတ်ကြတာလည်းဖြစ်ပါတယ်။ အခုလိုမျိုး အလှပုံဖော်ဖို့အတွက် အလှဆင် မီးသီးတွေကိုသန်းနဲ့ချီ အသုံးပြုရတာဖြစ်ပြီး မကြာသေးခင်က သတင်းတွေအရ အဆိုပါမျှော်စင်မှာ မိမိလိုချင်တဲ့ပုံစံဖော်ဖို့အတွက်ဆိုရင် (၃)မိနစ်စာကို ကုန်ကျစရိတ် အနည်းဆုံး ပေါင်(၅) သောင်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ပေါင်(၃၇၃)သန်း အထိ ကြွယ်ဝချမ်းသာတဲ့ ရော်နယ်ဒို အတွက်တော့ ဒါဟာ ပြောလောက်စရာပမာဏမဟုတ်တာလည်း ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုတို့ဟာ ဒူဘိုင်းမှာရှိတဲ့ ကမ်းခြေမှာလည်း ဂျော်ဂျီနာရဲ့မွေးနေ့ပွဲကို ဆင်နွှဲခဲ့ကြတာဖြစ်ပြီး အာဂျင်တီး နားဖွား ဂျော်ဂျီနာရဲ့ ယခုမွေးနေ့ဟာ အသက်(၂၈)နှစ်ပြည့် မွေးနေ့လည်းဖြစ်ပါတယ်။ ဂျော်ဂျီနာရဲ့ မွေးနေ့မှာပဲ Netflix က ‘I am Georgina’ လို့ ဆိုတဲ့ ရုပ်သံစီးရီးကို စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒီထဲမှာ ဂျော်ဂျီနာရဲ့နုံချာလှတဲ့ ဘဝကနေ ကြွယ်ဝချမ်းသာလာတဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ပြသထားတာဖြစ်ပါတယ်။

Source: The Sun