CNI Sport News

 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

အာဂျင်တီးနား ကွင်းလယ်ကစားသမား ဒီပေါလ် က ချီလီ ဟာ သူတို့ကို ရေချိုးခန်းထဲတောင် မသွားခိုင်းဘူး ဆိုပြီး ပြောလိုက်ပါတယ်။ အာဂျင်တီးနား အသင်းဟာ ဇန်နဝါရီ(၂၈)ရက် မနက်ပိုင်းက ချီလီအသင်းနဲ့ တောင်အမေရိက ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားခဲ့တာဖြစ်ပြီး ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီပေါလ် က အာဂျင်တီးနားအသင်း လေယာဉ်ပေါ်ကဆင်းချိန်မှာ အိမ်ရှင်အသင်းက သူတို့ကို ရေချိုးခန်းသုံးခွင့်မပေးခဲ့ဘူးလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားအတွက် ဂိုးတွေကို ဒီမာရီယာနဲ့ လောတရိုမာတီးနတ်ဇ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက တောင်အမေရိကဇုန် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ကာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီပေါလ် က “လေယာဉ်ပေါ်က ဆင်းတဲ့အချိန်မှာ သူတို့ဟာ ကျနော်တို့ကို ရေချိုးခန်းထဲတောင် မသွားခိုင်းပါဘူး။ သူတို့က ကျနော်တို့ရဲ့ လေအေး ပေးစက်တွေကိုလည်း ဖြတ်ထားပါတယ်။ ရေလည်းမရဘူး။ တည်းခိုချိန်မှာလည်း ဥသြဆွဲသံတွေ မြည်အောင် လုပ်ထားပါတယ်။ ဒါဟာ မှန်တယ် မှားတယ်ဆိုတာကို ပြောတာမဟုတ်ပါဘူး။ အာဂျင်တီးနားမှာဆိုရင်တော့ ကျနော်တို့ဆီကို ရောက်လာတဲ့အသင်းတိုင်းကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးပါတယ်။ ကျနော်တို့ ကတော့ ကွင်းထဲမှာ အနိုင်ရရှိအောင် ကစားသွားခဲ့တယ်လို့” ပြောခဲ့တာပါ။

ချီလီ ကို အနိုင်ရတဲ့ပွဲမှာ အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီနဲ့ အသင်းခေါင်းဆောင် မက်ဆီတို့ဟာ ကိုဗစ်နဲ့ ဆက်စပ်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဒီပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ စကာလိုနီမှာ မကြာသေးခင်က ရောဂါတွေ့ရှိခဲ့ တာဖြစ်ပြီး မက်ဆီကတော့ မကြာသေးခင်ကမှ ပြန်လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီး နား အသင်းကတော့ ချီလီအသင်းကို အနိုင်ရလဒ်ရရှိအောင် ကစားသွားနိုင်ခဲ့ပါတယ်။

အာဂျင်တီးနား အသင်းလက်ထောက်နည်းပြ ဆင်မြူရယ်လ် က “တိုးတက်ဖို့ အရာတွေရှိတယ်ဆိုတာ သေချာ ပေမယ့် အသင်းက ခက်ခဲတဲ့ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပါတယ်။ မက်ဆီဟာ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် သူ မပါဝင်ဘဲ ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းက အလွန်ကြိုးစားခဲ့လို့ အဲဒါအတွက် သူတို့ကို ကျေးဇူးတင်ပါတယ်။ ကစားသမားတွေအားလုံးက အခုကစပြီး ကမ္ဘာ့ ဖလားနေရာရချင်လို့ ကြိုးစားခဲ့ကြပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ ဖေဖော်ဝါရီ(၂)ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်းမှာ ကိုလံဘီယာ အသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။