CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

လက်ရှိကျင်းပနေဆဲ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ကာကွယ်ဆေးထိုးထားခြင်း မရှိတာကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျိုကိုဗစ်ဟာ ဖေဖော်ဝါရီလ ဒူဘိုင်းမှာကျင်းပမယ့် အေတီပီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဂျိုကိုဗစ်ဟာ သြစတြေးလျနိုင်ငံမှာ ဗီဇာ(၂)ကြိမ် ရုပ်သိမ်းခံခဲ့ရပြီးနောက် ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ဆားဘီးယား ကစား သမားဟာ ကိုဗစ်ကူးစက်ခဲ့ပေမယ့် ကာကွယ်ဆေး ကင်းလွတ်ခွင့်နဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရောက်ရှိလာ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဒါကို သဘောမတူခဲ့လို့ (၂)ပတ်ကြာ တင်းမာတဲ့ ဥပဒေရေးရာ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ဂျိုကိုဗစ်ဟာ (၂၁)ကြိမ်မြောက် ဂရမ်းဆလမ်း ချန်ပီယံဆုကို ရယူဖို့ မျှော်လင့်ချက်နဲ့ နောက်ဆုံးအကြိမ်ထိ အယူ ခံ ဝင်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာကြောင့် စိတ်ပျက်စွာနဲ့ပဲ ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်။(Sportskeeda)

အသက်(၃၄)နှစ်အရွယ်ရှိ ကစားသမားဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်မယ့် ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ယှဉ် ပြိုင်ခွင့်ရမယ့် ကစားသမားစာရင်းမှာ ပါဝင်နေခဲ့တာပါ။ ဒူဘိုင်းကို လာရောက်တဲ့ သူတွေဟာ ကာကွယ်ဆေးထိုးဖို့ မလိုအပ် တာကြောင့် ဂျိုကိုဗစ်ဟာ နောက်လမှာ ကျင်းပမယ့် ဒီပြိုင်ပွဲကို သေချာပေါက် လာရောက် ယှဉ်ပြိုင်သွားနိုင်တာပါ။ ဂျိုကိုဗစ် ဟာ ဒီပြိုင်ပွဲမှာ မကြာခဏ ပါဝင်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို (၅)ကြိမ် ရရှိထားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ်(၁) အမျိုးသားတင်းနစ်ကစားသမားဟာ ကာကွယ်ဆေး မထိုးရသေးဘူးဆိုရင် အချို့ပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင် ကစားခွင့် ဆုံးရှုံးနိုင်ပါတယ်။ ဂျိုကိုဗစ်ဟာ မတ်လမှာ ကျင်းပမယ့် တင်းနစ်ပြိုင်ပွဲရဲ့ ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ အင်ဒီးယန်း ဝဲလ်နဲ့ မီယာမီ အိုးပန်းပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိတော့တာပါ။

ဒါ့အပြင် ဂရမ်းဆလမ်းပြိုင်ပွဲ တစ်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာလည်း ကာကွယ်ဆေး မထိုးရသေးရင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်ဘူးလို့ မကြာသေးခင်က ပေါက်ကြားလာခဲ့တဲ့ အီမေးလ်အရ သိရပါတယ်။

Source: The Sun