CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားအမျိုးသမီးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာ  တစ်ဖက် ၂ ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

မြန်မာအမျိုးသမီး အသင်းဟာ ဒီပွဲကို အနိုင်ရရင် နောက်တစ်ဆင့် တက်မှာဖြစ်လို့ အနိုင်ရဖို့ ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ မြန်မာအသင်း အဖွင့်ဂိုး စတင်ရခဲ့ပါတယ်။ ဒီဂိုးကို ဝင်းသိင်္ဂီထွန်းက ပင်နယ်တီ ကနေ သွင်းယူခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ ဗီယက်နမ်အသင်း ချေပဂိုး ပြန်လည် ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကို ထောင့်ကန်ဘောကနေ တိုက်ရိုက် ကန်သွင်းယူသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ကြိုးစားရင်း ပွဲစပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုးကို အသင်းခေါင်းဆောင် ခင်မာလာထွန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်အသင်းက ပွဲချိန်မိနစ် ၆၀ အကျော်မှာ ပင်နယ်တီရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးအသင်းယှဉ်ပြိုင်နေစဉ်။(AFC)

အဲ့ဒါကြောင့် တစ်ဖက် ၂ ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။ မြန်မာအသင်းဟာ ဦးဆောင်ဂိုးတွေရခဲ့ပေမယ့် မထိန်းနိုင်ခဲ့ တာ ကြောင့် အုပ်စုတွင်းကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းကတော့ အုပ်စုတွင်း အကောင်း‌‌ဆုံး တတိယနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး တရုတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။