CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းကို ပြန်လာဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ရီးရယ်လ်အသင်းဥက္ကဌ ပီရတ်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်အား ညွှန်ကြားထားတယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားရာမှာ စိတ်ပျက်စရာတွေ ရှိခဲ့တာ ကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာပါ။ ပေါ်တူဂီကစားသမားသည် ပြီးခဲ့တဲ့ နွေရာသီက ဂျုဗင်တပ်စ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၂၃ ပွဲကစားထားပြီး ၁၄ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ရောက်ရှိလာကတည်းက ရုန်းကန်နေရပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ၁၉ မှတ် ကွာဟနေတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေ တာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဝက်စ်ဟမ်း၊ အာဆင်နယ်၊ စပါး၊ ဝုလ်ဗ်စ်တို့နဲ့ အပြိုင်အဆိုင် ရှိနေတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းမှာ ချန်ပီယံလိဂ်ရယူခဲ့စဉ်က ရော်နယ်ဒိုကိုတွေ့ရစဉ်။(Goal)

ကတ်တလန်သတင်းစာ အယ်လ်နေစီယွန်နယ်လ်က ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်မ ရရင် ထွက်ခွာဖို့ ကြိုးစားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ဖြစ်နိုင်ခြေရှိတဲ့ နွေရာသီ အပြောင်းအရွှေ့ အတွက် အခြားအသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အေးဂျင့်ကို ညွှန်ကြားထားခဲ့တယ်လို့ အဆိုပါ သတင်းစာက ရေးသားထားပါတယ်။

မက်ဆီ ပါဝင်ကစားနေတဲ့ ပီအက်စ်ဂျီ အသင်းကလည်း ရော်နယ်ဒို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က ရီးရယ်လ်အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ (အဲ့ဒီ အချိန်က အများဆုံးဖြစ်ခဲ့)နဲ့ မန်ချက်စတာယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ခဲ့တာပါ။

ရီးရယ်လ်အသင်းမှာ ကစားနေတဲ့ အချိန်ဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံး အချိန်ဖြစ်ခဲ့ပြီး ဘောလွန်းဒီ အောဆု (၄)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄)ကြိမ် အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၈ မှာ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။ အယ်လ်နေစီယွန်နယ်ကတော့ ရော်နယ်ဒိုသည်  စပိန်မြို့တော်မှာ သူ့ရဲ့နေ့ရက်တွေကို လွမ်းဆွတ်နေပြီး အေးဂျင့်ဖြစ်သူကလည်း ပီရတ်ဇ်ထံ ပြန်လာဖို့ အဆိုပြုထားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုသည် ဒီရာသီ အသင်းရဲ့ ရလဒ်တွေကို အလွန်စိတ်ပျက်မိကြောင်း ပြောခဲ့တာဖြစ်ပြီး အသင်းဖော်တွေရဲ့ စိတ်ဓါတ် ပိုင်းကိုလည်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ အားလပ်ရက် ရရှိထားလို့ အနား ယူ အပန်းဖြေနေတာ ဖြစ်ပါတယ်။

Source: Sportbible