၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဟာ ဘောလုံးပြက္ခဒိန်ပြုပြင်ပြောင်းလဲမှုတွေအကြောင်း ပြောဆိုနေချိန်မှာပဲ ပင်လယ်ပြင် မှာ သေဆုံးနေတဲ့ အာဖရိကရွှေ့ပြောင်းနေထိုင်သူတွေကို ရည်ညွှန်းတဲ့မှတ်ချက်များကြောင့် ဝေဖန်ခံနေရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ နှစ်နှစ်တစ်ကြိမ်ကျင်းပမယ့် ကမ္ဘာ့ဖလားကျင်းပရေး အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ အင်ဖန်တီနို က ပုံမှန်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံအချို့အတွက် မျှော်လင့် ချက်တွေ ပေးနိုင်တယ်လို့ဆိုသော်လည်း ၎င်းရဲ့မှတ်ချက်တွေကြောင့် ဝေဖန်ခံရတာဖြစ်ပါတယ်။
အင်ဖန်တီနို က “အခွင့်အရေးတွေပေးပြီး ဂုဏ်သိက္ခာရှိဖို့လိုပါတယ်။ ဒါဟာ အလှူအတန်းပေးတာမျိုးမဟုတ်ဘဲ တခြား ကမ္ဘာ့နိုင်ငံတွေကိုပါ ပါဝင်ခွင့်ပေးတာပါ။ အာဖရိကသားတွေကို မျှော်လင့်ချက်ပေးရပါမယ်။ ဒါကြောင့် သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေဖို့အတွက် မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ပင်လယ်ထဲမှာ သေဆုံးဖို့ ပိုများနေပါတယ်”လို့ ပြောခဲ့ပါတယ်။
Missing Migrants Project က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုတွေကြောင့် လူပေါင်း နှစ်သောင်း သုံးထောင်ကျော် ပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။
အင်ဖန်တီနို ကတော့ သူ့ရဲ့ မှတ်ချက်စကားတွေဟာ အဓိပ္ပါယ်လွဲမှားခြင်းဖြစ်တယ်လို့ နောက်ပိုင်းမှာ ပြန်ပြော ခဲ့ပါတယ်။ “ကျနော်ပြောခဲ့တဲ့စကားကို ပြန်ရှင်းရရင် ဆုံးဖြတ်ချက်ချတဲ့အနေအထားမှာ လူတိုင်းက ကမ္ဘာတဝှမ်း မှာရှိနေတဲ့ လူတွေရဲ့အခြေအနေကို တိုးတက်ကောင်းမွန်အောင် ကူညီပေးဖို့တာဝန်ရှိတယ်”လို့ ၎င်းက ပြောခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်သူ ဒါရိုက်တာ အန်ဒရူးက “ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေကို နေ့တိုင်းအင်တာဗျူးကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့်အချိန်ကိုတော့ သူတို့ ဘယ်တုန်း ကမှ မပြောကြပါဘူး”လို့ ပြောပါတယ်။ Kick It Out ရဲ့ အမှုဆောင်အရာရှိချုပ် တိုနီဘားနတ် က အင်ဖန်တီနိုရဲ့ မှတ်ချက်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
”ဖီဖာဟာ ဘီလီယံပေါင်းများစွာ အမြတ်အစွန်းရှာဖွေနေတဲ့ အဖွဲ့အစည်းပါ။ သူတို့မှာ ကမ္ဘာတဝှမ်းရှိ ဆင်းရဲနွမ်းပါး သူတွေအတွက် အခွင့်အလမ်းဖန်တီးပေးဖို့နဲ့ လှုံဆော်ပေးဖို့ ရန်ပုံငွေတွေရှိပြီးသားပါ။ တခါတလေမှာ စစ်ဘေးသင့် နိုင်ငံတွေကနေ ထွက်ပြေးပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့ အသက်အန္တရယ်စွန့်စားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ တွေ ရှိပါတယ်။ ဒါတွေအတွက် နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတာဟာ အဖြေတခုဖြစ်လာနိုင်တယ်ဆို တဲ့ အကြံပြုချက်တွေကို လက်မခံဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: BBC