၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇
ပြင်သစ် လက်ရွေးစင်အသင်း တိုက်စစ်မှူး မာရှယ်ဟာ ကလေးဘဝကတည်းက သူ့ရဲ့ Idol ဖြစ်ခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒိုရဲ့ ကြိုဆိုခြင်းကို ခံခဲ့ရလို့ အံ့အားသင့် သွားခဲ့ပါတယ်။
စပိန်ကလပ် ဆီဗီလာအသင်းဟာ ရော်နယ်ဒို ပေးပို့ခဲ့တဲ့ ဗီဒီယိုမက်ဆေ့ချ်ကို ထုတ်ဖော်ပြသလိုက်ချိန်မှာ မာရှယ် တစ်ယောက် အံ့အားသင့်သွားခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ကြောင့် စပိန်ကလပ် ဆီဗီလာအသင်းကို အခုနှစ် ရာသီကုန်တဲ့အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
မာရှယ်ဟာ ဝက်စ်ဟမ်း အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး အသင်းအနိုင်ဂိုး ရရှိအောင် ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ မာရှယ်သည် ဆီဗီလာ အသင်းရဲ့ အိမ်ကွင်းမှာ မတ်တပ်ရပ်ပြီး သူ့ရဲ့ Idol ရော်နယ်ဒို ပြောတဲ့ မက်ဆေ့ချ်စကားကို ကြည့်ရှုနေခဲ့တာပါ။
ရော်နယ်ဒိုက “မာရှယ်ရေ နေကောင်းလား၊ လာလီဂါနဲ့ ဆီဗီလာကနေ ကြိုဆိုလိုက်ပါတယ်။ ဆီဗီလာအသင်းဟာ စပိန်မှာ အသင်းကြီးဖြစ်သလို ဥရောပမှာလည်း အသင်းကြီးပါ။ သူတို့မှာ မယုံနိုင်ဖွယ်ကောင်းမွန်တဲ့ ပရိသတ်တွေရှိပြီး အလွန် ခမ်းနား တဲ့ မြို့မှာ ကစားနေတာပါ။ အဲ့ဒါကြောင့် အားလုံးပဲ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ မကြာခင်မှာ တွေ့ကြ မယ်လို့ မျှော်လင့်ပါတယ်။ ကြီးမားတဲ့ ပွေ့ဖက်မှုနဲ့ ကံကောင်းပါစေ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ကိုတွေ့ရစဉ်။(Football Espana)
ရော်နယ်ဒိုဟာ စပိန်လာလီဂါရဲ့ ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတွေမှာ ကစားခဲ့ပြီး အောင်မြင်မှု တွေ ရယူနိုင်ခဲ့တာပါ။ မာရှယ်ဟာဆိုရင် ကစားသမားဘဝ တစ်လျှောက် ၆၁၆ ပွဲကစားပြီး ၄၁၄ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ ကစား ပုံတွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ ၂၀၁၈ တုန်းက မန်ချက်စတာယူနိုက်တက် ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးပြုလုပ်ရာမှာ “ကျနော့်ရဲ့ သူရဲကောင်း ၂ ဦး လုံးဟာ ဘရာဇီးလ်သားတွေပါ။ သူတို့ဟာ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုတို့ပါ။ သူတို့ခြေထောက်တွေမှာ မှော်ပညာတွေရှိ တယ်”လို့ ပြောခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းဟာ မာရှယ်ကို ဆီဗီလာအသင်းထံ ရာသီကုန်တဲ့အထိ အငှားချခဲ့တာဖြစ်ပြီး စာချုပ်ထဲမှာ အပြီးသတ် ရောင်းချမှု မပါဝင်တာလည်း တွေ့ရပါတယ်။ ဆီဗီလာအသင်းဟာ အခုရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၄ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာကြောင့် ဆုဖလားရယူနိုင်ဖို့ အခွင့်အရေး ရှိနေတာပါ။
ဆီဗီလာအသင်းသည် ဖေဖော်ဝါရီ ၆ ရက်မှာ လာလီဂါ ပွဲစဉ်အဖြစ် အိုဆာဆူနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ မာရှယ် ပွဲထွက်ခွင့် ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Daily Mail