CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

ဂျုဗင်တပ်စ် အသင်းတိုက်စစ်မှူး မိုရာတာရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခြေ ရှိတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပယ်ချလိုက်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် မိုရာတာ ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ  စပိန်တိုက်စစ်မှူးဟာ ဂျုဗင်တပ်စ်အသင်းကို အသလက်တီကိုမက်ဒရစ်ကနေ အငှားနဲ့ လာရောက်ကစားနေတာပါ။

သတင်းတွေအရ မိုရာတာဟာ အခုနှစ်ရာသီ လက်ကျန်ရာသီဝက်ကို ဘာစီလိုနာအသင်းမှာ သွားရောက်ကစားနိုင်တယ်လို့ သုံးသပ်နေကြပေမယ့် ကစားသမားရဲ့ အေးဂျင့်ကတော့ ဒါကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

မိုရာတာရဲ့ အေးဂျင့်ဖြစ်သူ မာကိုဘီရန်ကာက “ဘာစီလိုနာကိုသွားတဲ့ လမ်းက ကြာရှည်မခံတော့ပါဘူး။ အယ်လ်ဗာရိုဟာ တူရင်မှာ ကောင်းမွန်စွာရှိနေပြီး နွေရာသီမှာ အသလက်တီကို မက်ဒရစ်နဲ့အတူ ဘာတွေဖြစ်ပျက်မလဲဆိုတာကို ကျနော်တို့ တွေ့မြင်ရမှာပါ”လို့ ပြောပါတယ်။

ရာတာကိုတွေ့ရစဉ်။ (Football Espana)

ဒါ့အပြင် မာကိုဘီရန်ကာက “အဖြူအမည်းနဲ့ သူ့ရဲ့ အနာဂတ်အတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ဘန်ဇီမာလိုပဲ သူဟာ အသင်းအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့ပြီး ရော်နယ်ဒိုလိုတော့ ဂိုးအများကြီး မသွင်းနိုင်ပါဘူး”လို့ လာကာဇတ်တာ ဒယ်လိုစပေ့ါနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဂျုဗင်တပ်စ် အသင်းတိုက်စစ်မှူးဟာ ဒီရာသီမှာ အီတလီ ကလပ်အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၈ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီး ထား တာပါ။

ဘာစီလိုနာ အသင်းကတော့ နွေရာသီ အပြောင်းအရွှေ့မှာ မိုရာတာကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ မိုရာတာဟာ ဂျုဗင်တပ်စ် အသင်းမှာ ၂၀၁၄ ကနေ ၂၀၁၆ အထိ တစ်ကြိမ်ကစားခဲ့ပြီး အခု နောက်ထပ် တစ်ကြိမ်အဖြစ် ၂၀၂၀ က အသလက်တီကို အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မိုရာတာဟာ မိခင်ကလပ် အသလက်တီကိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ နွေရာသီအထိ သက်တမ်း ကျန်ရှိနေ သေးတာပါ။ ချယ်လ်ဆီးနဲ့ ရီးရယ်လ် တိုက်စစ်မှူးဟောင်း အသလက်တီကို အသင်းအတွက် ၆၁ ပွဲ ပါဝင်ကစားထားပြီး ၂၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

မိုရာတာဟာ စပိန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူထားတာပါ။ မိုရာတာဟာ ရီးရယ်လ်၊ ဂျုဗင်တပ်စ်၊ ချယ်လ်ဆီးတို့နဲ့ ဆုဖလား အများအပြား ရယူထားပါတယ်။

Source: Sport Smole