CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆
အာဂျင်တီးနား လူစာရင်းမှာ မပါဝင်ခဲ့တဲ့ မက်ဆီဟာ အသင်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံဖို့ ဘာစီလိုနာကို အံအားသင့်ဖွယ် ရောက်ရှိလာခဲ့ပါတယ်။
မက်ဆီဟာ ကတ်တလန်မြို့တော်မှာ ပရိသတ်တွေ၊ ဒေသခံ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ငယ်ဘဝကလပ်ကို ပြန်ဖို့ ဆွေးနွေးနိုင်တယ်ဆိုပြီး ထင်ကြေးတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာနည်းပြ ဇာဗီရဲ့ ၄၂ နှစ် ပြည့် မွေးနေ့ကို အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘတ်စ်ကွက်၊ ဇာဗီတို့နဲ့ ဆင်နွှဲနိုင်ဖို့ ပဲရစ်ကနေ စပိန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဂျပန်စားသောက်ဆိုင်မှာ ဇနီးတွေနဲ့အတူ ညစာစားသုံးခဲ့ကြတာပါ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားတဲ့ မက်ဆီဟာ အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ သူ့ကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေအတွက် ဘာစီလိုနာ ဂျာစီပေါ်မှာ လတ်မှတ်ရေးထိုးခဲ့ပေမယ့် သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ အဲလ်ဗတ်စ်က မက်ဆီအနေနဲ့ သူ့ရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး အသင်း ထံ ပြန်လာဖို့ လူသိရှင်ကြား ပြောထားတာ ဖြစ်ပါတယ်။ မက်ဆီကလည်း သူ့ရဲ့ ကစားသမားဘဝ အများစု ကုန်ဆုံးခဲ့တဲ့ ဘာစီလိုနာကို မထင်မှတ်ဘဲ ပြန်လည် ရောက်ရှိလာခဲ့တာပါ။
ဇာဗီနဲ့မက်ဆီကိုတွေ့ရစဉ်။(The Sun)
အာဂျင်တီးနား ကစားသမားဟာ မကြာသေးခင်ကမှ ကိုဗစ်ကူးစက်မှုကနေ သက်သာပျောက်ကင်းသွားခဲ့တာ ဖြစ်ပြီး ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမယ့် အာဂျင်တီးနား အသင်းလူစာရင်းမှာ နည်းပြဖြစ်သူ စကာလိုနီနဲ့ သဘော တူညီမှုရယူခဲ့ပြီး မပါဝင်ခဲ့တာပါ။ အာဂျင်တီးနား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားပြီးလည်း ဖြစ်ပါ တယ်။ ကိုပါအမေရိက ချန်ပီယံဟာ ချီလီ၊ ကိုလံဘီယာတို့နဲ့ ခြေစစ်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းနဲ့ ပထမရာသီဝက်မှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေ ခံနေရပါတယ်။
မက်ဆီဟာ ဒီရာသီ ပီအက်စ်ဂျီ အသင်းအတွက် (၁၇)ပွဲ ပါဝင်ကစားထားပြီး (၆)ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ မက်ဆီ ကတော့ ဒုတိယရာသီဝက်မှာ ပြင်သစ်ကလပ်နဲ့အတူ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: The Sun